Home
မြန်မာသတင်း
ကနီက ရှင်ပြုပွဲနှင့် ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲ၊ ကိုရင်များအပါအဝင် ၉ ဦး သေဆုံး
DVB
·
March 7, 2026
kani1_07032026

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နတ်လာပို့ကျေးရွာက နေအိမ်ရှင်ပြုအလှူပွဲနဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက မတ် ၇ ရက် ဒီမနက်ပိုင်းမှာ အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကိုရင်ငယ် ၃ ပါး အပါအဝင်  အရပ်သား ၉ ယောက် သေဆုံးပြီး ၁၅ ယောက်ထက်မနည်း  ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အလှူပွဲလုပ်နေချိန် ဆူဆိုက်ဒရုန်းနဲ့ တိုက်ခိုက်ခံရတာ။ အဲဒီမှာပဲ ကိုရင်လေးတပါးနဲ့ အရပ်သား ၆ ယောက်သေဆုံးတယ်။ အခုလောလောဆယ် ယင်းမာပင် ယန်စီကနေ စစ်ကြောင်းတကြောင်း ယင်းမာပင်ဘက်ကို စစ်ကြောင်းထိုးနေတယ်။ ကနီမြို့နယ် ကျွန်းတောင်ရွာမှာလည်း စစ်ကြောင်းတကြောင်း ရောက်နေတယ်” လို့ DVB ကိုပြောပါတယ်။

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့ အသေခံဒရုန်း ၃ စီးနဲ့ နတ်လာပို့တောင်ရွာ၊ မြောက်ရွာနဲ့ သပြောတောရွာတို့ကို တိုက်ခိုက်သွားတာလို့ သိရပါတယ်။

ဒေသခံတယောက်က “ဒရုန်းတစီးက နတ်လာပို့တောင်ရွာ ရှင်ပြုအလှူပွဲကို တိုက်ခိုက်တာ။ အဲဒီမှာပဲ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေများတယ်။ တိုက်ပွဲလည်း မရှိဘူး။ သေတဲ့အထဲ အမျိုးသားတွေများတယ်။ တော်သေးတာ၊ လူသိပ်မရှိတော့တဲ့အချိန်တိုက်ခံရလို့ ဒီထက်ပိုမများသွားတာ” လို့ DVB ကို ပြောပါတယ်။

အသေခံဒရုန်း တစီးကတော့ နတ်လာပို့မြောက်ရွာ ဘုန်းကြီးကျောင်းကို တိုက်ခိုက်တာကြောင့်  ဘုန်းကြီးကျောင်းမှာရှိတဲ့ ကိုရင် ၂ ပါး ပျံလွန်တော်မူတယ်လို့ ဆိုပါတယ်။

နောက်ဒရုန်းတစီးကတော့ သပြောတောရွာကို တိုက်ခိုက်သွားပေမဲ့ ထိခိုက်သေဆုံးသူ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရသည့် ဘုန်းကြီးကျောင်း။ (Photo : Pyae Aung Naing)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013