
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ဝက်ကုန်းကျေးရွာကို နိုဝင်ဘာ ၂၅ ရက်မှာ စစ်တပ်က လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ယောက်နဲ့ သက်ကြီး အမျိုးသား ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မွန်းလွဲ ၃ နာရီခွဲမှာ ဂျက်ဖိုက်တာ ၂ စင်းနဲ့ ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်တာလို့ ဒေသတွင်း သတင်းတွေကို ဖော်ပြနေတဲ့ ဧရာဝတီတိုင်းတော်လှန်ရေးသတင်းဌာန (ARNs) က ဖော်ပြပါတယ်။
စစ်ကောင်စီတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် အသက် ၂၀ ကျော်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသား ၁ ယောက်သေဆုံး၊ နောက်ထပ် ၄ ယောက် ဒဏ်ရာရပြီး နေအိမ် ၁၄ လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“ပြည်သူတွေနေတဲ့ရွာကို ရက်ရက်စက်စက် လေကြောင်းကနေ ဗုံးကြဲတာပါ။ ရွာထဲမှာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေနေတာ မရှိသလို၊ တိုက်ပွဲဖြစ်နေတဲ့ရွာလည်း မဟုတ်ပါဘူး။ စစ်ရှောင် ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတာပါ” လို့ ဒေသခံ သတင်းပေးပြည်သူက ARNs ကို ပြောထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်ကလည်း လေးမျက်နှာမြို့နယ်၊ စပြင်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၂၄ ယောက်ထက်မနည်း သေဆုံးခဲ့ပါသေးတယ်။
Photo : ARNs


