
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရဲ့ အကြီးဆုံး ဆင်းရဲသားရပ်ကွက်ဖြစ်တဲ့ ကိုရိုင်းလ် ရပ်ကွက်မှာ နိုဝင်ဘာ ၂၅ ရက် ညနေက အကြီးအကျယ် မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၁,၅၀၀ လောက် ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း မီးသတ်ဌာနက ပြောပါတယ်။
မီးလောင်မှုကို ထိန်းချုပ်နိုင်ဖို့ မီးသတ်ကား အနည်းဆုံး ၁၆ စီး၊ မီးသတ်တပ်ဖွဲ့ ၁၉ ဖွဲ့နဲ့ ၅ နာရီအကြာမှာ မီးကို ထိန်းချုပ်နိုင်ခဲ့ပြီး ဒီနေ့မနက်မှ လုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ မရှိဘဲ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ ချက်ချင်းမသိရသေးဘူးလို့ အရာရှိတွေက ပြောပါတယ်။
မီးလောင်ကျွမ်းမှုဟာ လမ်းကြောင်းတွေ ကျပ်ညပ်နေတာနဲ့ မီးလောင်လွယ်တဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေကြောင့် မြန်မြန်ဆန်ဆန် ပျံ့နှံ့ခဲ့ရကြောင်း မီးသတ်နဲ့ အရပ်ဘက်ကာကွယ်ရေး ညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီး မိုဟာမက် တာဂျူးလ် အစ္စလာမ် ချောင်ဒူရီက အခင်းဖြစ်ပွားရာနေရာမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
စုံစမ်းစစ်ဆေးသူတွေဟာ ပျက်စီးဆုံးရှုံးမှု ပမာဏနဲ့ မီးလောင်ကျွမ်းမှု အကြောင်းရင်းကို ဆုံးဖြတ်မှာ ဖြစ်ပေမဲ့ ရပ်ကွက်တလျှောက်မှာ အန္တရာယ်ရှိတဲ့ အခြေအနေတွေကို သတိပြုမိကြောင်းလည်း သူက ဆိုပါတယ်။
မီးငြှိမ်းသတ်နေရင်း နေရာတိုင်းမှာ လျှပ်စစ်ဝါယာကြိုးတွေ ရှိနေပြီး အိမ်တိုင်းမှာ ဂက်စ်ဘူးတွေ ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်၊ မီးလောင်မှုကို အရှိန်မြှင့်စေတဲ့ အခြေအနေတွေပါပဲလို့ ပြောပါတယ်။
ယာယီအစိုးရအကြီးအကဲ မူဟာမက် ယူနွတ်စ်က ပျက်စီးဆုံးရှုံးမှုအပေါ် အလွန်စိုးရိမ်ပူပန်မှုကို ဖော်ပြခဲ့ပြီး ထိခိုက်ခံရတဲ့ မိသားစုတွေကို ဝမ်းနည်းစာနာကြောင်း ပြောပါတယ်။
အာဏာပိုင်တွေဟာ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်တဲ့ အကူအညီအားလုံးကို ပေးအပ်သွားမှာဖြစ်ပြီး မီးလောင်ကျွမ်းမှုကို အပြည့်အဝ စုံစမ်းစစ်ဆေးဖို့နဲ့ အနာဂတ်မှာ အလားတူဖြစ်ရပ်တွေကို ကာကွယ်နိုင်ဖို့ ပိုမိုခိုင်မာတဲ့ အစီအမံတွေ လုပ်ဆောင်ဖို့လည်း ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။
Source: Reuters


