
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ လိုင်စင်မဲ့ယာဉ်တွေနဲ့ ဆိုင်ကယ်တွေကို စက်သုံးဆီ မရောင်းချပေးတဲ့အပြင် ဆီအရောင်းဆိုင်တွေကနေ စောင့်ဆိုင်းဖမ်းဆီးနေတာကြောင့် ဘက်ပေါင်းစုံကနေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြို့မိမြို့ဖတွေနဲ့ မြို့ခံတွေက ပြောပါတယ်။
ကမ္ဘာ့နိုင်ငံရေးအခြေအနေအရ မတ် ၇ ရက်ကစပြီး ပုဂ္ဂလိကယာဥ်တွေကို ယာဉ်ရဲ့ နံပါတ်ပြားအလိုက် စုံရက် မရက် လမ်းမပေါ် မောင်းနှင်ခွင့်ကို စစ်ကောင်စီက သတ်မှတ်ခဲ့ပါတယ်။
ဒါ့အပြင် ဘားအံမြို့မှာ လိုင်စင်မဲ့ယာဉ်တွေနဲ့ ဆိုင်ကယ်တွေကို စက်သုံးဆီ မရောင်းချတဲ့အပြင် ဆီအရောင်းဆိုင်တွေကနေ စောင့်ဆိုင်း ဖမ်းဆီးနေပါတယ်။
မြို့မိမြို့ဖတယောက်က “(လိုင်စင်မဲ့ယာဉ်တွေ) ဆီမပေးတော့ဘူးဆိုတော့ မြို့ပေါ်က အကြောင်းမဟုတ်ဘူး။ ရွာတွေက ကားတွေကျတော့ ဘယ်လိုပြောမလဲ။ သာရေး နာရေးတွေ ရှိတယ်၊ ကျန်းမာရေးကိစ္စတွေ ရှိတယ်။ အကုန်လုံး ဒုက္ခရောက်တာပေါ့။ ဘာမှ လုပ်လို့မှ မရတော့ဘဲဟာ။ လှုပ်ရင် ကောက်ထည့်လိုက်မှာပေါ့။ တော်တော်ဆိုးတယ်။ မြို့ပေါ်မှာ အကုန်လုံးရှင်းနေတာပဲ။ ဆီထုတ်တဲ့နေရာမှာ ဌာနဆိုင်ရာ အကြီးအကဲတွေ၊ ပျူစောထီးတွေ ထားထားတယ်။ ဌာနဆိုင်ရာကလည်း ရှိတယ်။ စုံရက်မှာ စုံကားဝင်လာပေါ့၊ လိုင်စင်ကား ဝင်လာပေါ့၊ ဆိုင်ကယ်တွေလည်း တော်တော်ဒုက္ခရောက်တယ်။ ဆိုင်ကယ်တွေက လမ်းပန်းဆက်သွယ်ရေးမှာ အခြေခံကျတဲ့ဟာလေ။ အကုန်လုံး ဒုက္ခရောက်တာပေါ့။ အခုတော့ လိုင်စင်မဲ့ယာဉ်တွေကို မပေးတော့ဘူး ပြောလိုက်တော့ ပိုဆိုးသွားတာပေါ့” လို့ ပြောပါတယ်။
လက်ရှိမှာလည်း ဘားအံမြို့မှာ အရင်က ဓာတ်ဆီ 92 တလီတာ ကျပ် ၂,၂၀၀ ကျော်၊ ဓာတ်ဆီ 95 တလီတာ ကျပ် ၂,၃၀၀ ကျော်၊ ဒီဇယ် တလီတာ ကျပ် ၃,၄၀၀ ကျော်ရှိပြီး အခု စက်သုံးဆီ ဈေးနှုန်းတွေကို တရားဝင်ကြေညာတာ မရှိပါဘူး။
ဒါ့အပြင် စက်သုံးဆီ ဝယ်ယူရာမှာ ဆိုင်ကယ်ကို ကျပ် ၅,၀၀၀၊ ယာဉ်ငယ်တစီးကို ကျပ် ၃၀,၀၀၀ နဲ့ ယာဉ်ကြီးတစီးကို ကျပ် ၅၀,၀၀၀ ဖိုးစီ ရောင်းချပေးနေပါတယ်။
အခုလို လိုင်စင်မဲ့ယာဉ်တွေကို ဆီမပေးတဲ့အပြင် ဖမ်းဆီးနေတာကြောင့် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးကအစ အကုန်လုံး ထိခိုက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတယောက်က “အခုလိုမျိုး ဘားအံမြို့မှာ လိုင်စင်မဲ့ယာဉ်တွေကို ဆီမပေးတဲ့အတွက် ပြည်သူတွေမှာ အခက်အခဲတွေ ဒုက္ခတွေ ရောက်တာပေါ့။ အခုနေ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးကအစ အကုန်လုံး ထိခိုက်တာပေါ့။ အခုဆိုရင် စာမေးပွဲဖြေတော့မယ်။ ကျောင်းသားတွေအတွက်လည်း ဆီမရှိတဲ့အတွက် အဆင်မပြေတော့ဘူး။ အိုးဝေငှားရမ်းရတဲ့ အတွက် မိဘတွေမှာ ပိုပြီးတော့ ကုန်ကျစရိတ်တွေ များတာပေါ့။ ပြည်သူတွေဆိုရင် ကိုယ့်ဒေသ ထွက်ကုန်တွေလည်း တင်ပို့လို့ မရတော့ဘူး။ ဒေသထွက်ကုန်တွေမှာ ပြည်သူတွေ ရောင်းချဖို့အတွက် အခက်အခဲတွေဖြစ်ပြီးတော့ စားသုံးသူတွေမှာ ကုန်ဈေးနှုန်းတွေတက်တော့ ပိုပြီးတော့ အဆင်မပြေတော့ဘူး။ တနေ့တခြား ပိုပိုပြီးတော့ ဆိုးဝါးလာတယ်။ ကျပ်တည်းလာတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဘားအံမြို့နဲ့ မြဝတီ ကုန်သွယ်ရေးလမ်းတလျှောက်မှာ နေပြည်တော်ရဲ့ ညွှန်ကြားချက်နဲ့ ထိုင်းကုန်စည်တွေကိုပါ ဆက်တိုက်ဆိုသလို ဖမ်းဆီးနေပါတယ်။
လက်ရှိမှာလည်း စက်သုံးဆီ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဘားအံ-မြဝတီ ယာဉ်စီးခ အရင်က ကျပ် ၁၀၀,၀၀၀ ကနေ အခု ၁၂၀,၀၀၀ ထိ ဈေးနှုန်းတွေ မြင့်တက်ခဲ့တယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
အောင်ခန့်


