
ဧရာဝတီတိုင်းမှာ လိုင်စင်မဲ့ယာဉ် စီးနင်းမှုကြောင့် အရပ်သား ၂၂ ယောက် ထောင်ဒဏ် ၁ လစီ ချမှတ်ခံခဲ့ရတယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်အထိ တလအတွင်း လိုင်စင်မဲ့ယာဉ် စီးနင်းမှုနဲ့ အဖမ်းခံရတဲ့သူတွေထဲက အရပ်သား ၂၂ ယောက်အထိ ထောင်ဒဏ်တွေ အသီးသီးချမှတ်ခံခဲ့ရပြီး စစ်ကောင်စီရဲတပ်ဖွဲ့ကို ငွေမပေးနိုင်တဲ့ နွမ်းပါးသူတွေ ထောင်ဒဏ်ချမှတ်ခံရတဲ့အထဲ အများဆုံး ပါဝင်တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူက “လိုင်စင်မဲ့ယာဉ် စီးနင်းသူတွေကို ရဲနဲ့စစ်တပ်က ပူးပေါင်းဖမ်းခဲ့တာ။ ရဲက တရားစွဲဆိုတင်မှုကြောင့် သက်ဆိုင်ရာခရိုင်နဲ့ မြို့နယ် တရားရုံးတွေက ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ”လို့ ပြောပါတယ်။
လိုင်စင်မဲ့ယာဉ် စီးနင်းမှုကြောင့် ထောင်ဒဏ်ချမှတ်ခံရတဲ့ ၂၂ ယောက်ဟာ ကျုံပျော်ခရိုင်က ၄ ယောက်၊ ပုသိမ်ခရိုင်က ၄ ယောက်၊ ဟင်္သာတခရိုင်က ၃ ယောက်၊ မအူပင်ခရိုင်က ၄ ယောက်၊ ဖျာပုံခရိုင်က ၄ ယောက်၊ မြောင်းမြခရိုင်က ၂ ယောက်၊ လပွတ္တာခရိုင်က ၁ ယောက် ဖြစ်ပါတယ်။
ဟင်္သာတမြို့နယ်က လိုင်စင်မဲ့ယာဉ် အဖမ်းခံရတဲ့သူတယောက်က “လိုင်စင်မဲ့ယာဉ် စီးပေမဲ့ လွတ်နေသူတွေ မနည်းရှိတယ်။ ငွေပေးနိုင်ရင် ရဲက မဖမ်းသလို၊ ဖမ်းမိလည်း ရဲက တရားရုံး မပို့ဘူး။ ထောင်ဒဏ်နဲ့ အပြစ်ပေးခံရတဲ့သူတွေက နွမ်းပါးသူတွေချည်းပဲ။ ဆိုင်ကယ်သမားတွ များတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ရဲတွေက လိုင်စင်မဲ့ယာဉ်စီးတာကြောင့် ဆိုပြီး ဖမ်းဆီးကာ တရားစွဲဆို ထောင်ဒဏ် ချမှတ်ခံရတဲ့သူတွေဟာ ကျေးရွာတွေဘက်က အရပ်သားတွေ များတယ်လို့ သိရပါတယ်။
ဒါ့အပြင် လိုင်စင်မဲ့ယာဉ် စီးနင်းမှုကြောင့် အဖမ်းခံရပေမဲ့လည်း ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဆီ လာဘ်ငွေထိုးပေးနိုင်သူတွေကတော့ တရားရုံးအထိ မရောက်ဘဲ ရဲစခန်းတွေမှာသာ ဆိုင်ကယ်ပြန်ယူ ပြန်လည်စီးနင်းခွင့်ရနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။


