
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်က သုခဒဂုံ အငှားအိမ်ရာတိုက်ခန်းကို ပြန်လည်ရောင်းချသူနဲ့ ပူးပေါင်းပါဝင်သူ ၃ ယောက်ကို တရားစွဲဆိုပြီး အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ်စီချကာ အရေးယူခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ အိုးအိမ်ဦးစီးဌာနက ဖေဖော်ဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
နိုင်ငံပိုင်အခန်းတွေကို ခွင့်ပြုချက်မရှိပဲ ဥပဒေမဲ့ ရောင်းစားတဲ့အတွက် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေ ပုဒ်မ ၆(၁) နဲ့ တရားစွဲအရေးယူခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုရောင်းချခဲ့တဲ့သူတွေကို တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ်စီ ချခဲ့တဲ့အပြင် အိမ်ခန်းငှားရမ်းခွင့်ပါ ပယ်ဖျက်ပြီး အခန်းကို ပြန်လည်သိမ်းယူခဲ့တယ်လို့ အိုးအိမ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အငှားအိမ်ရာကို လျှောက်ထားသူတွေအပေါ် အမှန်တကယ်နေထိုင်ဖို့ အခက်အခဲရှိ၊ မရှိ စိစစ်မှုမရှိတဲ့အတွက် အခုလိုပြဿနာတွေ ပေါ်ပေါက်လာရတာလို့ အိမ်ခြံမြေအကျိုးဆောင် တယောက်က ပြောပါတယ်။
“အမှန်တကယ် လိုအပ်နေတဲ့သူတွေ လက်ထဲမရောက်လို့ ဖြစ်ရတာလေ။ အငှားအိမ်ရာ တော်တော်များများမှာ ဒီပြဿနာက ရှိနေတာ။ ပေါ်ပေါ်တင်တင်ကို အရောင်းပို့စ် တင်ထားတာတွေတောင်ရှိတယ်။”
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာကို နေထိုင်စရာ အခက်အခဲရှိတဲ့ ပြည်သူ၊ အငြိမ်းစားဝန်ထမ်းနဲ့ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းတွေ အဆင်ပြေအောင် ၅ နှစ် ငှားရမ်းနေထိုင်ခွင့်ပေးထားတာလို့ အိုးအိမ်ဦးစီးဌာနက ဆိုပါတယ်။
ငှားရမ်းနေထိုင်ခွင့် ရရှိသူတချို့က ကိုယ်တိုင်မနေဘဲ ထပ်ဆင့်ငှားရမ်းတာ၊ ငှားရမ်းခွင့်စာရင်းမှာ မပါတဲ့သူတွေကို နေထိုင်စေတာအပြင် အခန်းနဲ့ စျေးဆိုင်ခန်းတွေကို လက်ညှိုးထိုး ရောင်းစားတာတွေ ရှိနေတဲ့အတွက် တရားစွဲအရေးယူခဲ့တာလို့ အဲဒီဌာနက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြည်သူ့အငှားအိမ်ရာအတွင်း တရားဝင်နေထိုင်ခွင့်ရသူကလွဲပြီး ထပ်ဆင့်ငှားရမ်းတာ၊ အိမ်ငှားစာချုပ်မှာ မပါဝင်သူတွေကို နေထိုင်စေတာ၊ အရောင်းအဝယ်လုပ်တာတွေ ရှောင်ကြဉ်ဖို့နဲ့ စစ်ဆေးပေါ်ပေါက်ရင် အခန်းငှားရမ်းနေထိုင်ခွင့်ကို ပယ်ဖျက်မဲ့အပြင် ဥပဒေနဲ့အညီ အရေးယူခံရမယ်လို့လည်း သတိပေးထားပါတယ်။


