
ထောင်ဒဏ် ၁၁ နှစ် ကျနေတဲ့ စစ်တပ်ထောက်ခံသူ ဇော်ဘုန်းဟိန်းကို ဖေဖော်ဝါရီ ၉ ရက်က တောင်ဒဂုံမြို့နယ် တရားရုံးက ပုဒ်မ ၆၆(ဃ) နဲ့ ထောင်ဒဏ် ၂ နှစ် ထပ်ချမှတ်ခဲ့ပြီး လယ်ဝေးတပ်နယ်မှာ စွဲထားတဲ့ ပုဒ်မ ၅၀၅(က) အတွက် အမှုထပ်မံရင်ဆိုင်ရမယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၉ ရက် မနက်က လူတန်းစားဘဝ တိုးတက်မြင့်မားရေးပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်မိုးမိုးခိုင် တရားစွဲထားတဲ့ ပုဒ်မ ၆၆(ဃ) အတွက် တောင်ဒဂုံမြိုန့ယ် တရားရုံးက ထောင်ဒဏ် ၂ နှစ် ချလိုက်တာလို့ တရားရုံးနဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“မနေ့က အမိန့်ချတာ၊ မိုက်ကယ်ကျော်မြင့်ပါတီက ဒေါ်မိုးမိုးခိုင် အမှုဖွင့်ထားတဲ့ ပုဒ်မ ၆၆(ဃ) အတွက် ထောင်ဒဏ် ၂ နှစ် အမိန့်ချတာ၊ အဲဒါပြီးရင် တောင်စဥ်အေးမှာ ဖြစ်တဲ့ကိစ္စနဲ့ လယ်ဝေးတပ်နယ်စွဲထားတဲ့ ပုဒ်မ ၅၀(က) အမှုကို ထပ်ရင်ဆိုင်ရဦးမှာ။”
တောင်ဒဂုံမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ် အမိန့်ချပြီးနောက် ပုဒ်မ ၅၀၅(က) အမှုကို ထပ်မံရင်ဆိုင်ဖို့ နေပြည်တော်အချုပ်ထောင်ကို မကြာမီရက်ပိုင်းအတွင်း ပြောင်းရွှေ့နိုင်ဖွယ် ရှိတယ်လို့ သူက ရှင်းပြပါတယ်။
တပ်ထောက်ခံသူ ဇော်ဘုန်းဟိန်းမှာ ၂၀၂၅ ခုနှစ် မေ ၃၀ ရက်က လယ်ဝေးတပ်နယ်အပိုင် ရေနီစစ်ဆေးရေးဂိတ်က အရာရှိ၊ စစ်သည်တွေ ဂိတ်မှာငွေတောင်းတဲ့ကိစ္စ၊ KTV သွားတဲ့ ကိစ္စကို Live လွှင့် ပြောဆိုခဲ့တဲ့အတွက် လယ်ဝေးတပ်နယ်က ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခဲ့တာလို့ နေပြည်တော်သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ရေနီဂိတ်မှာဖြစ်တဲ့ကိစ္စကို မှားပါတယ်လို့ တောင်းပန်လည်း မရဘူး၊ တပ်က အငြိုးထားပြီး လုပ်တာ၊ တပ်ထောက်ခံလည်း သူတို့မကောင်းကြောင်းပြောရင် လက်မခံဘူးဆိုတာ ဇော်ဘုန်းဟိန်းကို ဥပမာပေးပြီး လုပ်ပြတာ။”
တပ်ထောက်ခံသူ ဇော်ဘုန်းဟိန်းကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန် ၂ ရက်က ပြင်ဦးလွင်မြို့နယ်ရှိ သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့ပြီး သြဂုတ် ၇ ရက်မှာ ပုဒ်မ ၅၀၅(က)၊ ၆၆(ဃ)၊ ၃(ခ) (၁၅)၊ ၄၄ တို့နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၁ နှစ် ချခဲ့ရာ အခုဆို ထောင်ဒဏ်စုစုပေါင်း ၁၃ နှစ် အမိန့်ချပြီး ဖြစ်ပါတယ်။
တပ်ထောက်ခံသူ ဇော်ဘုန်းဟိန်း လွတ်မြောက်ရေးအတွက် အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ စစ်တပ်ထောက်ခံသူတွေ ပေါင်းပြီး စစ်ခေါင်းဆောင်တွေထံ အသနားခံစာ တင်ခဲ့ပေမဲ့ စစ်ကောင်စီဘက်က လက်ခံခဲ့တာ မရှိဘူးလို့ နေပြည်တော် သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။


