Home
နိုင်ငံတကာ
ဒေါ်နယ်ထရမ့်ပ်ကို လုပ်ကြံရန် ကြိုးပမ်းမှုဖြင့် အမျိုးသား ၁ ဦး ထောင်ဒဏ်တသက် ချမှတ်ခံရ
DVB
·
February 6, 2026
Photo :Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို လုပ်ကြံဖို့ ကြံစည်ခဲ့သူလို့ စွပ်စွဲခံထားရသူ ရိုင်ယန် ရောက်သ်ကို ဖလော်ရီဒါပြည်နယ် တရားရုံးက ဖေဖော်ဝါရီ ၄ ရက်မှာ ထောင်ဒဏ်တသက် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းက အမေရိကန်ရွေးကောက်ပွဲမတိုင်ခင် ၂ လ အလိုလောက်မှာ သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို လုပ်ကြံဖို့ ဖလော်ရီဒါပြည်နယ်ရှိ ဂေါ့ဖ်ကွင်းထဲ ချုံပုတ်တွေထဲမှာ ဆီမီးအော်တိုမက်တစ် ရိုင်ဖယ်နဲ့ ပုန်းအောင်းစောင့်ဆိုင်းနေခဲ့တယ်လို့ စွပ်စွဲခံထားရသူ အသက် ၅၉ နှစ်အရွယ် ရိုင်ယန် ရောက်သ်ကို တရားသူကြီးက ထောင်ဒဏ်တသက် အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဒီအမှုမှာ ရိုင်ယန် ရောက်သ်ဟာ လုပ်ကြံဖို့ ကြံစည်မှု အပါအဝင် ပြစ်မှု ၅ ခုနဲ့ တရားစွဲဆိုခံခဲ့ရတာဖြစ်ပြီး သူ့ကိုယ်သူ ရှေ့နေအဖြစ် ကိုယ်တိုင် ခုခံကာကွယ်ခဲ့တာဖြစ်ပေမဲ့ ဂျူရီလူကြီးတွေက ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ခဲ့တာပါ။

အစိုးရရှေ့နေတွေဘက်ကတော့ ရောက်သ်ဟာ ဒီလုပ်ကြံမှုကို လနဲ့ချီပြီး စနစ်တကျ ကြံစည်ခဲ့သလို သူ့ကိုတားဆီးမဲ့သူ မှန်သမျှကိုလည်း သတ်ဖြတ်ဖို့ အသင့်ဖြစ်နေခဲ့သူလို့ တရားရုံးမှာ တင်ပြခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ကျူးလွန်ခဲ့တဲ့ လုပ်ရပ်အပေါ် နောင်တရခြင်း လုံးဝမရှိဘူးလို့လည်း ဆိုပါတယ်။

တရားသူကြီး အိုင်လင်း ကန်နွန် ကတော့ ရောက်သ်ရဲ့ စိတ်နေစိတ်ထားဟာ အလွန်ပဲ ဆိုးရွားကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

ရောက်သ် ကတော့ ထောင်ဒဏ် ၂၇ နှစ်သာ ချမှတ်ပေးဖို့ တောင်းဆိုခဲ့ပြီး သူဟာ သမ္မတကို သတ်ပစ်မဲ့ရည်ရွယ်ချက် မရှိကြောင်း ငြင်းဆိုပြီးတော့ စိတ်ပိုင်းဆိုင်ရာကုသမှု ခံယူလိုကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရုံးတင်စစ်ဆေးရာမှာ သူ့အနေနဲ့ သင့်လျော်တဲ့ ဥပဒေကြောင်းအရ ခုခံကာကွယ်မှု မလုပ်နိုင်ခဲ့တာကြောင့် အမှုရဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး ဂျူရီတွေကို အထင်မှားစေခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှာ လျှို့ဝှက်လုံခြုံရေးအဖွဲ့ဟာ West Palm Beach ရှိ ထရမ့်ပ် နိုင်ငံတကာ ဂေါ့ဖ်ကလပ်အနီး ချုံထဲမှာ ပုန်းကွယ်နေတဲ့ ရောက်သ်ကို တွေ့ရှိခဲ့ပြီး သူဟာ လက်နက်ထားခဲ့ပြီးတော့ ထွက်ပြေးသွားပေမဲ့ နောက်ပိုင်းမှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ရောက်သ်ဟာ တရားမဝင် သေနတ်ကိုင်ဆောင်မှု ၃ မှုနဲ့ ဖက်ဒရယ်အရာရှိကို တားဆီးမှုတမှုတို့နဲ့ အပြစ်ရှိကြောင်း ချမှတ်ခံရပါတယ်။

တရားခံရှေ့နေဘက်ကတော့ ရောက်သ်ဟာ ယူကရိန်းစစ်ပွဲမှာ စေတနာ့ဝန်ထမ်း သွားရောက်ကူညီခဲ့သူဖြစ်ပြီး စိတ်ရင်းကောင်းသူဖြစ်တယ်လို့ ခုခံပြောဆိုခဲ့ပေမဲ့ တရားရုံးကတော့ ဒါကို လက်မခံခဲ့ပါဘူး။

တရားခံရှေ့နေ မာတင် ရော့သ် ကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် ဘဝင်မကျကြောင်းနဲ့ အယူခံ ဆက်ဝင်သွားမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဒီကနေ့ဆုံးဖြတ်ချက်ဟာ လုံခြုံရေးအဖွဲ့တွေနဲ့ ပြည်သူတွေရဲ့ ပူးပေါင်းကြိုးပမ်းမှုကြောင့် ဖြစ်လာတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013