
ရုရှားလူရွှင်တော်တယောက်က ခြေထောက်မဲ့ စစ်ပြန်တယောက်အကြောင်း ဟာသပြောပြီးနောက် ဇန်နဝါရီ ၄ ရက်မှာ အမုန်းတရားလှုံ့ဆော်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရပါတယ်။
ခြေထောက်မဲ့စစ်ပြန်တယောက်အကြောင်း ဟာသပြောခဲ့လို့ အမျိုးသားရေးဝါဒီတွေနဲ့ စစ်ဘက်ဘလော့ဂါတွေကြား ဒေါသထွက်စေခဲ့တဲ့နောက် ၆ နှစ်နီးပါး ထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ။
တရားရုံးမှာ လူရွှင်တော် အာတီမီ အိုစတာနင်ကို ထောင်ဒဏ် ၅ နှစ် ၉ လနဲ့ ဒဏ်ငွေ ဒေါ်လာ ၃,၉၀၈ နဲ့ညီမျှတဲ့ ရူဘယ် ၃ သိန်း ချမှတ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ယူကရိန်းမှာ တိုက်ခိုက်နေချိန် ရုရှားစစ်တပ်အကြောင်း ရိုင်းရိုင်းစိုင်းစိုင်း၊ မဟုတ်မမှန် ပြောဆိုခဲ့တယ်လို့ အာဏာပိုင်တွေက ဆုံးဖြတ်တာ ခံရသူတွေကို ရက်ရက်စက်စက် အပြစ်ပေးတဲ့ ဆုံးဖြတ်ချက်တွေထဲက နောက်ဆုံး ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။
အိုစတာနင်ဟာ ယေရှုအကြောင်း ရိုင်းစိုင်းတဲ့ ဟာသပြောခြင်းအားဖြင့် ခရစ်ယာန်တွေရဲ့ ခံစားချက်ကို စော်ကားမှုနဲ့လည်း အပြစ်ရှိကြောင်း ဆုံးဖြတ်ခံခဲ့ရပြီး အော်သိုဒေါ့စ် အမျိုးသားရေးဝါဒီတွေကို ဒေါသထွက်စေခဲ့ပါတယ်။
ခံစားချက်တွေကို နာကျင်စေခဲ့တဲ့အတွက် တောင်းပန်ခဲ့တဲ့ အိုစတာနင်က အမှားအယွင်းတွေကို ငြင်းဆိုခဲ့ပြီး စစ်ပြန်အကြောင်း သူပြောခဲ့တဲ့ဟာသဟာ ယူကရိန်းပဋိပက္ခအကြောင်း မဖော်ပြခဲ့ဘူးလို့ ပြောပါတယ်။
ယူကရိန်းမှာ စစ်ဖြစ်ပြီးနောက် မကြာခင်မှာ ရုရှားဟာ ၂၀၂၂ ခုနှစ်မှာ ကျယ်ပြန့်တဲ့ ဆင်ဆာဖြတ်တောက်မှု ဥပဒေတွေကို အတည်ပြုခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး ရုရှားသမ္မတနန်းတော် ကရင်မလင်ကို ထောက်ခံတဲ့ ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေဟာ အဲဒီဥပဒေတွေကို ချိုးဖောက်တယ်လို့ ယူဆသူတွေကို လူသိရှင်ကြား ရှုတ်ချခဲ့ပြီး အာဏာပိုင်တွေဆီ တိုင်ကြားခဲ့ပါတယ်။
Source: Reuters


