
အဇာဘိုင်ဂျန် စစ်တရားရုံးဟာ ခွဲထွက်နယ်မြေဖြစ်တဲ့ နာဂေါနို-ကာရာဘာ့ခ်မှာ ဒုတိယအဆင့် အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဘီလီယံနာ ဘဏ်လုပ်ငန်းရှင်ဟောင်း ရူဘန် ဗာဒါညာန် အပေါ် ပြစ်ဒဏ်စီရင်ချက်ကို ဖေဖော်ဝါရီ ၁၇ ရက်မှာ ထောင်ဒဏ် ၂၀ နှစ် ချမှတ်လိုက်ပါတယ်။
တရားလိုဘက်က အစိုးရရှေ့နေတွေကတော့ သူ့ကို တသက်တကျွန်းပြစ်ဒဏ်ချမှတ်ဖို့ တောင်းဆိုခဲ့ကြပေမဲ့ တရားရုံးက နှစ် ၂၀ သာ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီစီရင်ချက်မှာ ကြိုတင်ဆုံးဖြတ်ထားပြီးသား ဖြစ်တယ်လို့ ရူဘန် ဗာဒါညန်ရဲ့ သားဖြစ်သူ ဒေးဗစ် ဗာဒါညာန်က ပြောကြားလိုက်ပြီး ဒေသတွင်း အမေရိကန်ရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုကြောင့် ဖခင်ဖြစ်သူနဲ့ အဇာဘိုင်ဂျန်မှာ ဖမ်းဆီးခံထားရတဲ့ တခြား အာမေးနီးယားလူမျိုးတွေ ပြန်လွတ်မြောက်လာဖို့ မျှော်လင့်ကြောင်းလည်း သူက ဆိုပါတယ်။
အသက် ၅၇ နှစ်ရှိ ဗာဒါညာန်ရဲ့ နိုင်ငံတကာ ဥပဒေရေးရာ ကိုယ်စားလှယ်တွေကလည်း အခုတရားစီရင်မှုဟာ လွတ်လပ်မျှတမှု မရှိဘူးလို့ ဖော်ပြထားပါတယ်။
ဗာဒါညာန်ဟာ ဒီတရားစီရင်ရေးလုပ်ငန်းစဉ်ကို အသိအမှတ်မပြုကြောင်းနဲ့ သူလုပ်ဆောင်ခဲ့သမျှအတွက် နောင်တမရရှိကြောင်း မိသားစုဝင်တွေကတဆင့် ပြောကြားထားတယ်လို့ ဆိုပါတယ်။
အာဇာဘိုင်ဂျန်နိုင်ငံတွင်းရှိ နာဂေါနို-ကာရာဘာ့ခ် တောင်တန်းဒေသကို ဗဟိုပြုပြီး အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ နှစ်ပေါင်း ၄၀ နီးပါး ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ငြိမ်းချမ်းရေးအတွက် ခြေလှမ်း စတင်နေချိန်မှာ ဒီစီရင်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
နာဂေါနို-ကာရာဘာခ်ဟာ အာမေးနီးယားလူမျိုးစုတွေက နှစ်ပေါင်း ၃၀ ကြာ အသိအမှတ်မပြုထားတဲ့ ခွဲထွက် အုပ်ချုပ်ရေးနယ်မြေတခုအဖြစ် တည်ထောင်ခဲ့တဲ့ဒေသ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်မှာတော့ အဇာဘိုင်ဂျန်ရဲ့ ဘာကူအစိုးရက စစ်ရေးအင်အားသုံးပြီး နယ်မြေကို ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။
အသက် ၅၇ နှစ်အရွယ် အာမေးနီးယားနွယ်ဖွား ဗာဒန်ညာန်ဟာ အရင်က ရုရှားနိုင်ငံသား ခံယူခဲ့ပြီး ရုရှားမှာ ချမ်းသာကြွယ်ဝခဲ့တဲ့ ဘဏ်လုပ်ငန်းရှင်ဟောင်းတယောက်ဖြစ်ကာ Forbes မဂ္ဂဇင်းရဲ့ ခန့်မှန်းချက်အရ သူနဲ့ သူ့မိသားစုရဲ့ ကြွယ်ဝမှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံလောက် ရှိပါတယ်။
သူဟာ ၂၀၂၂ ခုနှစ်မှာ ကရာဘာခ်ဒေသကို ပြောင်းရွှေ့ခဲ့ပြီး အဲဒီဒေသရှိ အာမေးနီးယား အုပ်ချုပ်ရေးအဖွဲ့မှာ ပြည်နယ်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။
အဇာဘိုင်ဂျန်အစိုးရက သူ့ကိုရော တခြား ခွဲထွက်ရေးအရာရှိဟောင်းတွေကိုပါ အဇာဘိုင်ဂျန်ရဲ့ နယ်မြေ ပြန်လည်သိမ်းပိုက်မှုကို ဟန့်တားဖို့ ကြိုးပမ်းတဲ့ “တရားမဝင် လက်နက်ကိုင်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်များ” အဖြစ် သတ်မှတ်ထားပါတယ်။
၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ အဇာဘိုင်ဂျန်ရဲ့ လျှပ်တပြက် စစ်ဆင်ရေးကြောင့် အာမေးနီးယားလူမျိုး ၁ သိန်းနီးပါး ဒေသတွင်းကနေ အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ကြချိန်က ဗာဒန်ညာန်ဟာ အာမေးနီးယားနိုင်ငံထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းရင်း နယ်စပ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
Source: Reuters


