
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ တလအတွင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နိုင်ငံတော်ဆူပူအောင် လှုံဆော်တဲ့စာတွေရေးသားမှုကြောင့်ဆိုပြီး အရပ်သား ၂၁ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်အထိ တလ အတွင်း နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်တဲ့ စာတွေ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်ရေးသားဖြန့်ဝေတင်ခဲ့တာကြောင့်လို့ စွပ်စွဲပြီး အမျိုးသမီးတွေ အပါအဝင်အရပ်သား ၂၁ ယောက်ကို ဖမ်းဆီးခဲ့တာပါ။
တိုင်းရဲတပ်ဖွဲ့ နီးစပ်သူ တယောက်က ''တတိုင်းလုံးအတိုင်းအတာနဲ့အဖမ်းခံရတာ အားလုံး ၂၁ ယောက်။ စစ်တပ်နဲ့ရဲဘက်ကတော့ နိုင်ငံရေး နဲ့ ပတ်သက်တဲ့နိုင်ငံတော်မှာ ဆူပူဖြစ်စေတဲ့စာတွေကို လူမှုကွန်ရက်ပေါ်ဖြန့်ဝေတာကြောင့်ဆိုပြီး ဖမ်းခဲ့တာပါ။ အဖမ်းခံရတဲ့သူတွေက ဖုန်းတွေပါ အသိမ်းခံရပြီးဖမ်းခံရတာ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲမှာ တလအတွင်း နိုင်ငံတော်ဆူပူအောင်လုပ်တယ်လို့ စွပ်စွဲ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၁၆ ယောက်နဲ့ အမျိုးသမီး ၅ ယောက်ဖြစ်ပြီး အွန်လိုင်းဈေး ရောင်းချသူတွေလည်း အဖမ်းခံရတဲ့အထဲပါတယ်လို့ သိရပါတယ်။
အဖမ်းခံရသူတွေနဲ့ နီးစပ်သူ တယောက်က ''အဖမ်းခံရသူတွေက လူငယ်တွေချည်းပဲလို့သိရတယ်။ အစ်မတို့ လေးမျက်နှာဘက်က ၃ ယောက် တောင်အဖမ်း ခံရတာ။ ဇန်နဝါရီလ ၁၁ ရက်နေ့ကတည်းက အဖမ်းခံရတာ။ ဖုန်းတွေလည်း အသိမ်းခံထားရတယ်။ ဒီနေ့အထိ အမှုဖွင့်တယ်တော့ မကြားမိသေးဘူး” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲမှာ ပုသိမ်၊ ရေကြည်၊ လေးမျက်နှာ၊ ဟင်္သာတ၊ ကြံခင်း၊ သာပေါင်း၊ အင်္ဂပူစတဲ့ မြို့နယ်တွေထဲကနေ တလတွင်း နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်တဲ့စာတွေ လူမှုကွန်ရက်ပေါ် ရေးသားဖြန့်ဝေတယ်လို့ဆိုပြီး အများဆုံးဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲ့ဒီ ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီတပ်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ- ၅၀၅ (က)၊ ၅၀၅(ခ) စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူထားသူတွေ လည်းရှိသလို လက်ရှိအချိန်အထိ အမှုဖွင်မခံရသေးတဲ့သူတွေလည်း ရှိနေပါတယ်။


