
ဧရာဝတီတိုင်းအတွင်းက ရဲစခန်းတွေမှာ အမှုအမျိုးမျိုးနဲ့ ဖမ်းဆီး အချုပ်ချထားတဲ့ အချုပ်သားတွေကို တရားခွင်မတင်ပို့ဘဲ စစ်မှုထမ်းထဲ ထည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ပထမအပတ်ကစတင်ပြီး ဧရာဝတီတိုင်းမှာ ခိုးမှု၊ လုယက်မှု၊ ဓားပြမှု၊ ဖောက်ထွင်းမှု၊ မူးယစ်ဆေးဝါး အမှုတွေနဲ့ ချုပ်နှောင်ခံထားရတဲ့ အချုပ်သားတွေကို တရားခွင်တင်ပို့တာတွေမလုပ်ဘဲ စစ်ကောင်စီ အုပ်ချုပ်ရေးမှူးတွေနဲ့ ရဲတပ်ဖွဲ့က ပူးပေါင်းပြီး စစ်မှုထမ်းထဲ ထည့်နေတာလို့ သိရပါတယ်။
ဝါးခယ်မဒေသခံတယောက်က “ရဲစခန်းသွားမေးတော့မှ သိရတာ။ အရင်လို လုပ်ထုံးလုပ်နည်းတွေအညီ မလုပ်ဘူး။ မူးယစ်မှု၊ လုယက်မှုတွေနဲ့ ရဲစခန်းရောက်ပြီး တပတ်မကြာဘူး စစ်မှုထမ်းထဲ ထည့်လိုက်တာ။ သွားစုံစမ်းတော့မှ စစ်မှုထမ်းဖို့ ထည့်လိုက်တာလို့ သိရတာ” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်ကနေ ၁၄ ရက်အထိ ဧရာဝတီတိုင်းထဲမှာ လုယက်မှု၊ ဖောက်ထွင်းမှု၊ မူးယစ်ဆေးဝါးမှု၊ ခိုးမှု စတဲ့ အမှုတွေနဲ့ ဖမ်းဆီးခံရတဲ့သူတွေထဲက ပုသိမ်မြို့က ၄ ယောက်၊ ဝါးခယ်မ၊ မအူပင်မြို့နယ်၊ ကျုံမငေး၊ ရေကြည်နဲ့ ဓနုဖြူမြို့နယ်တွေက ၅ ယောက်တို့ စစ်မှုထမ်းထဲ အထည့်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်က ပုသိမ်မြို့နယ် ကံကုန်းရွာက လူငယ်တယောက်ကို အုပ်ချုပ်ရေးမှူးတွေနဲ့ ရဲတွေက ဖုန်းခိုးတယ်လို့ဆိုပြီး ဖမ်းခဲ့တယ်။ နောက်တနေ့ဆို စစ်မှုထမ်းပို့လိုက်တယ်။ ရေကြည်ဘက်မှာက ရဲစခန်းမှာ မူးယစ်အမှုနဲ့ ချုပ်ထားတဲ့ အချုပ်သားကို စစ်မှုထမ်းဖို့ ပို့လိုက်တာ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ မူးယစ်မှုအပါအဝင် အမှုအမျိုးမျိုးနဲ့ ဖမ်းဆီးအချုပ်ချခံထားရတဲ့ လူငယ်တွေကို စစ်မှုထမ်း အပို့ခံရတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး မိသားစုတွေဘက်က လုံးဝမသိရဘဲ မြို့နယ်အဆင့်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ရဲတွေနဲ့ စစ်တပ် အရာရှိတွေ အဓိက ပေါင်းလုပ်နေတာလို့ ဆိုပါတယ်။
ဒါ့အပြင် အချုပ်သားတွေကို စစ်မှုထမ်းဖို့ တန်းပို့တာရှိသလို လ.ဝ.ကနဲ့ပေါင်း၊ နာမည်အမျိုးမျိုးပြောင်းပြီး မှတ်ပုံတင်အသစ်လုပ်ပေးကာ အခြားဒေသတွေကို လူစားထိုးကြေး လူတယောက် ကျပ်သိန်း ၂၀၀ လောက်နဲ့ တဆင့် ပြန်လည်ရောင်းစားတာတွေပါ လုပ်နေတယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့သူတွေက ပြောပါတယ်။


