
တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးကို ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဆိုးလ်မြို့ တရားရုံးက ထောင်ဒဏ်တသက် ချမှတ်လိုက်ပါတယ်။
သမ္မတဟောင်း ယွန်းဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက စစ်အုပ်ချုပ်ရေးသွတ်သွင်းဖို့ ကြိုးစားခဲ့မှု၊ အာဏာအလွဲသုံးစားလုပ်မှုနဲ့ နိုင်ငံတော်ပုန်ကန်ဖို့ ကြိုးကိုင်စီမံမှုတွေအတွက် အခုလို ပြစ်ဒဏ်စီရင်ခံရတာပါ။
အစိုးရရှေ့နေတွေကတော့ သူ့ကို သေဒဏ်ပေးဖို့ တောင်းဆိုခဲ့ကြပေမဲ့ တရားရုံးက ထောင်ဒဏ်တသက်သာ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီအမှုမှာ ယွန်းရဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယောင်ဟွန်းလည်း အပြစ်ရှိကြောင်း တွေ့ရှိရပြီး ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံခဲ့ရပါတယ်။
အဲဒီအချိန်က အတိုက်အခံခေါင်းဆောင်၊ လက်ရှိသမ္မတဖြစ်သူ အီဂျယ်မြောင်ကို ဖမ်းဆီးဖို့ ယွန်းက စစ်တပ်ကို အမိန့်ပေးခဲ့ကြောင်းလည်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
တရားရုံးအပြင်ဘက်မှာတော့ ယွန်းကို ထောက်ခံသူတွေ စုဝေးပြီး ဆန္ဒပြနေကြပါတယ်။
အသက် ၆၅ နှစ်အရွယ် သမ္မတဟောင်းဟာ စစ်အုပ်ချုပ်ရေးကိစ္စနဲ့ ပတ်သက်တဲ့ တခြားအမှုတွေ အတွက်လည်း ထောင်ဒဏ်ကျခံနေရပါတယ်။
အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်အပေါ် ယွန်းနဲ့ တခြားပြစ်ဒဏ်ချမှတ်ခံရသူတွေအနေနဲ့ အယူခံဝင်ခွင့် ရှိနေပါသေးတယ်။
Source: Reuters


