
မြန်မာနိုင်ငံမှာ အရန်စက်သုံးဆီ ရက် ၄၀ စာရှိပြီး စက်သုံးဆီတင်သင်္ဘောတွေလည်း ဆိုက်ကပ်ဖို့ရှိတယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပေမဲ့ မြေပြင်မှာတော့ စက်သုံးဆီတွေ တန်းစီဝယ်ယူနေရတယ်လို့ ယာဉ်မောင်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
နယ်စပ်မြို့တွေနဲ့ နယ်မြို့တွေမှာသာမက ရန်ကုန်မြို့က စက်သုံးဆီတွေမှာပါ တန်းစီဝယ်ယူနေရပြီး တချို့အရောင်းဆိုင်တွေမှာ ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။
ယာဉ်မောင်းတယောက်က “မနက်ကတည်းက တန်းလာစီနေတာ။ အရှေ့မှာ အစီး ၃၀ လောက်ရှိတယ်။ ဒါတောင် တသိန်းဖိုးပဲရတယ်။ တချို့ဆိုင်တွေဆို ပတ်တောင်ထားတယ်။ ဒီဇယ်ပဲရတယ်။ ဆိုင်တိုင်းလိုလို တန်းစီနေတာ” လို့ ပြောပါတယ်။
ဒါ့အပြင် ဘေးတွဲသမားတွေကိုတော့ အချိန်နဲ့ စက်သုံးဆီဝယ်ယူခွင့်ပြုထားပြီး တရက်ကို တကြိမ်သာ ဝယ်ယူရမယ်လို့လည်း သိရပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်တွေမှာလည်း မတ် ၃ ရက်က စတင်ပြီး မတ် ၄ ရက် မနက်ပိုင်းအထိ စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်နေပြီး စက်သုံးဆီ တန်းစီဝယ်ယူနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အခုလို တန်းစီပြီး ဆီဝယ်ယူရတာမှာ လိုသလောက် ဝယ်ယူလို့မရဘဲ ဆိုင်ကယ်တစီးကို မတ် ၃ ရက် မနက်ပိုင်းက ကျပ် ၁၀,၀၀၀ ဖိုးသာ ဝယ်ယူရရှိပြီး မတ် ၄ ရက် မနက်ခင်းမှာ ဆိုင်ကယ်တစီးကို ကျပ် ၄,၀၀၀ ဖိုးသာ ရောင်းပေးတယ်လို့ ပြည်တော်သာရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
မုံရွာမြို့ခံပြည်သူတယောက်က “ကျနော်တို့ ပြည်တော်သာရပ်ကွက်၊ သာစည်လမ်းဘေးမှာက စိန်တောင်ပန့်ဆိုင် ရှိတယ်ဗျ။ အဲဒီဆိုင်ကတော့ မနေ့က ဆိုင်ကယ်တစီးကို ကျပ် ၁၀,၀၀၀ ဖိုး ထည့်ပေးတယ်။ အဲဒါကလည်း လွတ်လွတ်လပ်လပ် ဝယ်ရတာမျိုး မဟုတ်ဘူးဗျ။ ဆိုင်ကယ်တွေ တန်းစီဝယ်ရတာ။ မနက်ခင်း ၈ နာရီကနေ နေ့ခင်း ၁၂ နောက်ဆုံးပေးတာ။ တန်းစီနေတဲ့ ဆိုင်ကယ်တချို့လည်း မရဘူး။ တခြားဆီဆိုင်တွေလည်း အဲလိုပဲ တန်းစီဝယ်ရတာ။ ရောင်းတာချင်းတော့ မတူဘူးဗျ။ တချို့ဆိုင်က ဆိုင်ကယ်တစီးကို ၄၀၀ ဖိုး၊ တချို့ဆိုင်က ၅,၀၀၀ ဖိုးပဲ ရောင်းပေးတာ။ ဆိုင်ကယ်ထဲပဲ ထည့်ရတာ၊ ပုံးအခွံအလွတ်တွေထဲ ထည့်ရောင်းမပေးဘူး” လို့ ပြောပါတယ်။
စက်သုံးဆီ တန်းစီဝယ်ယူရတာကြောင့် ဆိုင်ကယ်တွေနဲ့ အလုပ်သွားကြတဲ့ အခြေခံ လက်လုပ်လက်စားတွေ အလုပ်မသွားနိုင်ဘဲ ရေရှည်မှာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံတွေ့ရမှာကို စိုးရိမ်နေကြရတယ်လို့လည်း ပြည်တော်သာရပ်ကွက်နေ ပြည်သူတွေက ပြောဆိုနေကြပါတယ်။
ဆီရောင်းချနေသူတယောက်က “ကျနော်တို့က ဆိုင်ကြီးတွေဆီကနေ တဂါလံကို ကျပ် ၁၆,၀၀၀ နဲ့ယူပြီး တလီတာ တဘူးကို ကျပ် ၄,၅၀၀ နဲ့ ပြန်ရောင်းရတယ်။ အခု ဆီပြတ်လပ်တော့ သူတို့ ပန့်ဆိုင်တင်ကို တဂါလံ ကျပ် ၂၈,၀၀၀ အထိ ဖြစ်သွားတာ။ ကိုယ်တွေတောင် ပုံးနဲ့ဝယ်မရတော့ ပြန်ရောင်းစရာကို မရှိတော့ဘူး။ ရေရှည် ဒီအတိုင်းသာ ဆိုရင်တော့ မလွယ်ဘူး” လို့ ပြောပါတယ်။
စက်သုံးဆီ ပြတ်လပ်မှုကြောင့် အသေးစား စက်မှုလက်မှုလုပ်ငန်းတွေ ထိခိုက်လာပြီး ကုန်ဈေးနှုန်း ကြီးမြင့်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာ- တရုတ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ကွတ်ခိုင်မြို့မှာလည်း ပြည်သူတွေဟာ စက်သုံးဆီပြတ်လပ်မှာကို စိုးရိမ်ပြီး ဒီရက်ပိုင်းအတွင်း ဝယ်ယူသူတွေ များပြားနေတာကြောင့် စက်သုံးဆီဈေးနှုန်းဟာ ၁ လီတာကို ကျပ် ၈၀၀ ၊ ၁ ဂါလံကို ကျပ် ၃၂၀၀ ထိမြင့်တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်ညီနောင်ဖြစ်တဲ့ TNLA တအာင်းတပ်နဲ့ MNDAA ကိုးကန့်တပ်တို့စစ်ရေးတင်းမာပြီး အပြန်လှန်ပိတ်ဆို့မှုတွေလည်းရှိနေတာကြောင့် ကွတ်ခိုင်မြို့မှာ စက်သုံးဆီဈေးနှုန်းအပြင် ဆေးဝါးနဲ့ တခြားစားသောက်ကုန်ဈေးတွေလည်း မြင့်တက်နေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဓာတ်ဆီဂါလံ သန်း ၆၀ နဲ့ ဒီဇယ်ဆီဂါလံ သန်း ၇၀ နီးပါးကို စုပုံထားပြီးဖြစ်ကာ မြန်မာနိုင်ငံအတွင်း အရန်စက်သုံးဆီမှာ ရက် ၄၀ လောက်စာ ရှိတယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒါ့အပြင် ဆိပ်ကမ်းမှာ ရောက်ရှိ ဆိုက်ကပ်ထားကာ စက်သုံးဆီမချရသေးတဲ့ စက်သုံးဆီတင်သင်္ဘော ၂ စင်းနဲ့ ဝယ်ယူထားပြီး လမ်းမှာရောက်ရှိနေတဲ့ စက်သုံးဆီတင်သင်္ဘော ၁၄ စင်းလည်း ရှိတယ်လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စက်သုံးဆီသုံးစွဲမှုက တရက်ကို ဓာတ်ဆီ ၁ ဒသမ ၅ သန်းဂါလံ၊ ဒီဇယ်ဆီ ၁ ဒသမ ၇ သန်းဂါလံခန့်ရှိကာ တရက်ကို စက်သုံးဆီ ၃ ဒသမ ၂ သန်းဂါလံခန့် သုံးစွဲနေတယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။
ဒါ့အပြင် မတ် ၃ ရက်က ထုတ်ပြန်ခဲ့တဲ့ စက်သုံးဆီ ခြိုးခြုံချွေတာသုံးစွဲရေးနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်က မြန်မာနိုင်ငံမှာ အရန်စက်သုံးဆီ မရှိတာကြောင့် ထုတ်ပြန်ခဲ့တာမဟုတ်ဘဲ ရေရှည်ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို တွက်ဆပြီး ခြိုးခြုံချွေတာရေးအတွက်သာ ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။


