
ခရူဇီယိုနဲ့ အက်သလက်တီကို မင်နဲရိုးတို့ရဲ့ ဘရာဇီး ပြည်နယ်ဗိုလ်လုပွဲမှာ နှစ်ဖက်ကစားသမားတွေ ရန်ပွဲဖြစ်ပွားခဲ့လို့ စုစုပေါင်း ၂၃ ယောက်အထိ အနီကတ် ပြသခံခဲ့ရပါတယ်။
ပွဲပြီးခါနီးမှာ ဂိုးသမား အီဗာဆန်က ပြိုင်ဘက်ကစားသမားကို တွန်းလှဲပြီး ရင်ဘတ်ကို ဒူးနဲ့ဖိခဲ့ရာကနေ ရုန်းရင်းဆန်ခတ်မှုတွေ စတင်ခဲ့တာပါ။
လုံခြုံရေးတွေနဲ့ စစ်ပုလိပ်တွေပါ ဝင်ရောက်တားဆီးခဲ့ရပြီး ပွဲအတွင်းမှာ အနီကတ် မပြနိုင်ခဲ့ပေမဲ့ ပွဲအပြီးမှာတော့ ကစားသမား ၂၃ ယောက်ကို အနီကတ်တွေ အတည်ပြုခဲ့ပါတယ်။
အထုတ်ခံရသူတွေထဲမှာ ဟော့ခ်နဲ့ ရီနန်လိုဒီ တို့လို နာမည်ကြီးကစားသမားတွေ ပါဝင်သလို ခရူဇီယိုဘက်က ၁၂ ယောက်နဲ့ အက်သလက်တီကိုဘက်က ၁၁ ယောက် ဖြစ်ပါတယ်။
ဟော့ခ်ကတော့ ဒီဖြစ်ရပ်ဟာ ကမ္ဘာတဝန်းမှာ နမူနာဆိုးဖြစ်စေနိုင်လို့ အလွန်ဝမ်းနည်းဖို့ကောင်းတဲ့ ဖြစ်ရပ်လို့ ပွဲအပြီးမှာ ဝန်ခံပြောကြားခဲ့တာပါ။
ဒီပွဲမှာတော့ ခရူဇီယိုက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြည်နယ်ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့တာ ဖြစ်ပါတယ်။


