
ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုး ကာနီဗယ်ပွဲတော်ရဲ့ အထင်ရှားဆုံးအပိုင်းဖြစ်တဲ့ ဆမ်ဘာအကပြိုင်ပွဲမှာ ဥူနီဒူစ် ဒူ ဗီရာဒူရူး ဆမ်ဘာကျောင်းက ဗိုလ်စွဲသွားခဲ့ပါတယ်။
ဒီကျောင်းဟာ ရီယိုမြို့ပြဧရိယာထဲမှာ ပါဝင်တဲ့ နီထရွိုင်းမြို့ အခြေစိုက်ဖြစ်ပြီး ပြိုင်ပွဲမှာ အမှတ် ၂၇၀ ရရှိခဲ့တာပါ။
သူတို့အတွက် အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အထူးအုပ်စုမှာ စတုတ္ထအကြိမ်မြောက် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။
အရင်က ၁၉၉၇၊ ၂၀၂၀ နဲ့ ၂၀၂၄ ခုနှစ်တွေမှာလည်း ဗိုလ်စွဲခဲ့ဖူးပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာတော့ မက်စ်ထရီ စီကာလို့ လူသိများတဲ့ ဆမ်ဘာလောကရဲ့ အဓိကပုဂ္ဂိုလ် ဒရမ်ဒါရိုက်တာ မိုအာစီယာ ဒါ ဆေးလ်ဗား ပင်းတိုးကို ဂုဏ်ပြုကပြခဲ့တာပါ။
ပြိုင်ပွဲဝင်ကျောင်းတွေကို ပွဲထွက်ယာဉ် ဒီဇိုင်းနဲ့ နည်းပညာပိုင်း၊ ဝတ်စုံ၊ ဒရမ်တီးခတ်မှု၊ အကြောင်းအရာ၊ သီချင်းစာသားနဲ့ အချိန်စီမံခန့်ခွဲမှု စတဲ့ ကဏ္ဍမျိုးစုံကနေ အကဲဖြတ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ် ချန်ပီယံတွေရဲ့ စီတန်းလှည့်လည်ပွဲကိုတော့ အခု သီတင်းပတ်ကုန် ဖေဖော်ဝါရီ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ ဆမ်ဘာဒရုန်း ကွင်းကြီးထဲမှာ ကျင်းပသွားမှာပါ။
အဲဒီပွဲမှာ ဗီရာဒူရူးကျောင်းက တခြားထိပ်တန်းဆုရအဖွဲ့တွေနဲ့အတူ အောင်ပွဲခံ အခမ်းအနားကို ဦးဆောင်သွားဖို့ ရှိနေပါတယ်။


