ဘရာဇီးနိုင်ငံရဲ့ အကျော်ကြားဆုံး ပွဲတော်တွေထဲက တခုဖြစ်တဲ့ ကာနီဗယ်ပွဲတော်ကို ရီယိုမြို့ လမ်းမပေါ်မှာ ဒရမ်စည်းချက်တွေအနဲ့အတူ ဘရာဇီးသားတွေက ကျင်းပနေပါတယ်။
ရီယိုလမ်းမတွေပေါ်က Rio's street carnival ကာနီဗယ်ပွဲတော်ဟာ ဇန်နဝါရီ ၁၇ ရက်ကနေ ဖေဖော်ဝါရီ ၂၂ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။
ဒီပွဲတော်ကို လမ်းပေါင်း ၄၅၈ လမ်းပေါ်မှာ လူပေါင်း ၆ သန်းကျော် ပျော်ပျော်ရွှင်ရွှင် ပါဝင် ဆင်နွှဲမယ်လို့ မျှော်လင့်ကြောင်း ရီယိုအစိုးရအဖွဲ့က ပြောထားပါတယ်။
ဆမ်ဘာအက ကျောင်းတွေက ဖေဖော်ဝါရီ ၁၃ ရက်မှာ စတင်ကပြမှာဖြစ်ပြီး အကအလှတွေ ပါဝင်မှာဖြစ်ပါတယ်။
“ကာနီဗယ်ဟာ ကျမအတွက်တော့ စိတ်ကုဆရာဝန်တယောက်ပါ” လို့ ဒီပွဲမှာ ပါဝင်ဆင်နွှဲနေတဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။
ရီယိုကာနီဗယ်ပွဲတော်ဟာ နှစ်စဉ် ဘရာဇီးနိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့အကြီးဆုံး ပွဲတော်တွေထဲက တခုလည်းဖြစ်ကာ တနေ့ကို လူ ၂ သန်းကျော် လမ်းမတွေပေါ်မှာ ပါဝင်ဆင်နွှဲလေ့ရှိပါတယ်။
၁၇၂၃ ခုနှစ်က ရီယိုမြို့မှာ ပထမဆုံးအကြိမ် ကာနီဗယ်ပွဲတော်ကို ကျင်းပခဲ့တာပါ။
ဒီပွဲတော်မှာ လက်မှတ်ဝယ်ပြီး ကြည့်ရတဲ့ ပွဲတော်နဲ့ လမ်းမတွေပေါ်မှာ လွတ်လွတ်လပ်လပ် ပါဝင်ဆင်နွှဲနိုင်တဲ့ ပွဲတော်ဆိုပြီး ရှိပါတယ်။
Source / Photos: Reuters












