Home
နိုင်ငံတကာ
အီတလီ နာမည်ကျော် ၂၀၂၆ ဗင်းနစ် ကာနီဗယ်ပွဲတော် စတင်
DVB
·
February 2, 2026
Photo: Reuters

အီတလီနိုင်ငံရဲ့ နာမည်ကျော် ဗင်းနစ် ကာနီဗယ်ပွဲတော်ကို ဖေဖော်ဝါရီ ၁ ရက်က Grand Canal တူးမြောင်းတလျှောက် ရေကြောင်းလှည့်လည်ပွဲနဲ့ စတင်လိုက်ပါတယ်။

ရီယာတို တံတားအောက်ကို ဖြတ်သန်းချိန်မှာ ရိုးရာအစဉ်အလာ ကြွက်ရုပ်ကြီးပုံစံ ဖန်တီးထားတဲ့ လှေပေါ်ကနေ ရောင်စုံစက္ကူတွေ ကြဲချပြီး ဖွင့်လှစ်ခဲ့တာပါ။

ဒီနှစ်ပွဲတော်ကိုတော့ အီတလီနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမဲ့ မီလန်-ကော်တီနာ ဆောင်းရာသီ အိုလံပစ်ပွဲတော်နဲ့ ဆက်စပ်ပြီး အိုလံပစ်အငွေ့အသက်တွေ ထည့်သွင်းကျင်းပထားပါတယ်။

“Olympus: At the Origins of the Game” လို့ အမည်ပေးထားတဲ့ ဒီပွဲတော်ကို ဇန်နဝါရီ ၃၁ ရက်ကနေ ဖေဖော်ဝါရီ ၁၇ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။

ပွဲတော်လာရောက်သူတွေက ဗင်းနစ်ရိုးရာဝတ်စုံတွေ၊ အိုလံပစ် အပြင်အဆင် ဝတ်စုံတွေနဲ့ ပုပ်ရဟန်းမင်းကြီးပုံစံ ဝတ်ဆင်ထားသူတွေကိုပါ မြင်တွေ့ရပါတယ်။

ဒီပွဲတော်ကို ရက်ပေါင်း ၄၀ ဥပုသ်စောင့်ကြတဲ့ ကာလမရောက်ခင် ပျော်ပါးဆင်နွှဲတဲ့ ပွဲတော်အဖြစ် လွန်ခဲ့တဲ့ ရာစုနှစ်များစွာကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်က ဗင်းနစ်မြို့သားတွေဟာ မျက်နှာဖုံးတွေတပ်ပြီး သူတို့ ဘယ်သူဘယ်ဝါဆိုတာကို ဖုံးကွယ်ပြီးတော့ လွတ်လွတ်လပ်လပ် ပျော်ပါးခဲ့ကြတာ ဖြစ်ပါတယ်။

၁၈ ရာစုနှစ်လောက်မှာ ကောင်စီကိစ္စရပ်တွေ မဲပေးရာမှာ ဘယ်သူမှန်းမသိအောင်၊ ဒါမှမဟုတ် တူးမြောင်းက အနံ့ဆိုးတွေနဲ့ ပလိပ်ရောဂါဘေးကို ရှောင်ရှားဖို့ မျက်နှာဖုံးတွေကို အသုံးပြုခဲ့ကြတဲ့ ဓလေ့ ထွန်းကားခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013