Home
နိုင်ငံတကာ
စစ္စလီကျွန်းတွင် မြေပြိုပြီး ဒေသခံများ အရေးပေါ် ရွှေ့ပြောင်း
DVB
·
January 28, 2026
Photo: Reuters

အီတလီနိုင်ငံ၊ စစ္စလီကျွန်းရှိ နစ်ရှီမီမြို့မှာ အားပြင်းမုန်တိုင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ မြေပြိုမှုကြောင့် ချောက်ကမ်းပါးစွန်းမှာ လူနေအိမ်တွေ ပြုတ်ကျလုနီးပါး ဖြစ်ခဲ့ရပြီးနောက်မှာ ဒေသခံ ၁,၅၀၀ ကျော်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ အီတလီ အရပ်ဘက်ကာကွယ်ရေးဌာနအကြီးအကဲက ဇန်နဝါရီ ၂၇ ရက်မှာ ပြောပါတယ်။

စစ္စလီကျွန်းရဲ့ တောင်ဘက် အလယ်ပိုင်းဒေသရှိ လူဦးရေ ခန့်မှန်းခြေ ၂၅,၀၀၀ လောက် နေထိုင်ကြတဲ့ နစ်ရှီမီမြို့ဟာ မြေအောက်လွှာမှာ စိမ့်ဝင်ကျန်ရှိနေတဲ့ ရေတွေကြောင့် မြေသားတွေ တဖြည်းဖြည်း ပြိုကျလာနေတဲ့ ကုန်းပြင်မြင့်တခုပေါ်မှာ တည်ရှိနေတာပါ။

အရပ်ဘက်ကာကွယ်ရေး အကြီးအကဲ ဖာဘီယိုစီစီလီယာနိုက “ရှင်းရှင်းလင်းလင်း ပြောရရင် ကမ်းပါးစွန်းမှာ ရှိနေတဲ့ အိမ်တွေကို ဆက်ပြီး လူနေထိုင်ခွင့် မပြုနိုင်ပါဘူး”လို့ သတင်းထောက်တွေ ကို ပြောကြားခဲ့ပြီး ဘေးသင့်ဒေသခံတွေကိုလည်း အပြီးအပိုင် ရွှေ့ပြောင်းပေးသွားမယ်လို့ အတည်ပြု ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာက မှတ်တမ်းဗီဒီယိုတွေအရ တောင်စောင်းရဲ့ အစိတ်အပိုင်းကြီးတွေ ပြိုကျသွားပြီးနောက် အဆောက်အအုံတချို့ဟာ ကမ်းပါးစွန်းမှာ ကပ်လျက်ရှိနေပြီး ပြိုကျသွားတဲ့ အဆောက်အအုံတခုအတွင်းက ကားတစီးမှာလည်း ချောက်ကမ်းပါးပေါ်မှာ တွဲလောင်းကျနေတာကို မြင်တွေ့ရပါတယ်။

နစ်ရှီမီမြို့မှာ ရုတ်တရက် အရေးပေါ် ရွှေ့ပြောင်းခိုင်းမှုကြောင့် ဒေသခံတွေအကြား စိုးရိမ်ပူပန်မှုနဲ့ ဒေါသတွေ ဖြစ်နေကြပါတယ်။

ဒေသခံ ဖရန်ချက်စကို ဇာဘာက “ဒီနေရာမှာ လွန်ခဲ့တဲ့ အနှစ် ၃၀ ကတည်းက မြေပြိုမှု စဖြစ်ခဲ့ပြီးတော့ အဲဒီတုန်းက ဘယ်သူမှ ဘာမှ မလုပ်ပေးခဲ့ကြဘူး” လို့ ပြောဆိုပါတယ်။

ဇန်နဝါရီ ၂၆ ရက်က ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီရဲ့ အီတလီအစိုးရဟာ ပြီးခဲ့တဲ့အပတ်က အားပြင်းမုန်တိုင်းဒဏ် ခံခဲ့ရတဲ့ တောင်ပိုင်းဒေသ ၃ ခုဖြစ်တဲ့ စစ္စလီ၊ ဆာဒီးနီးယားနဲ့ ကာလဘရီးယားတို့ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

မကြာသေးတဲ့နှစ်တွေအတွင်း အီတလီနိုင်ငံမှာ အလွန်ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေ မကြာခဏ ဖြစ်ပွားလာနေပြီး မြို့ကြီးတွေ အများအပြားမှာ ရေကြီးမှုတွေကြောင့် လူသေဆုံးမှုတွေ ရှိလာခဲ့သလို မြေပြိုမှုနဲ့ ရေလွှမ်းမိုးမှု အန္တရာယ်တွေလည်း သမိုင်းကြောင်းအရ ထိခိုက်မှု နည်းပါးခဲ့တဲ့ ဒေသတွေအထိ ပျံ့နှံ့လာနေပါတယ်။

အစိုးရက ကနဦးလိုအပ်ချက်တွေအတွက် ယူရို သန်း ၁၀၀ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ အားပြင်း လေပြင်းတွေနဲ့ လှိုင်းတံပိုးတွေကြောင့် ကမ်းခြေအကာအကွယ်တွေ ပျက်စီးကာ နေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ဆုံးရှုံးခဲ့ရတာကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးက ၁ ဘီလီယံကျော် ရှိမယ်လို့ ဒေသခံအာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013