
ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း၊ အာလာဂိုးစ်ပြည်နယ်ရှိ ဆောင်ဂျိုဆေးဒါတာ့ပယ်ရာမြို့မှာ ဖေဖော်ဝါရီ ၃ ရက် မနက်ပိုင်းက ဘုရားဖူးတွေလိုက်ပါလာတဲ့ ဘတ်စ်ကားတစီး တိမ်းမှောက်ခဲ့ကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန်ပါတယ်။
အာဏာပိုင်တွေအဆိုအရ ဘတ်စ်ကားပေါ်မှာ ခရီးသည် စုစုပေါင်း ၆၀ လောက် လိုက်ပါလာပြီး ဒေသတွင်း သတင်းဌာနဖြစ်တဲ့ ဂလိုဘိုက ဖော်ပြချက်အရ သေဆုံးသူတွေထဲမှာ အမျိုးသား ၅ ယောက်၊ အမျိုးသမီး ၇ ယောက်နဲ့ ကလေးငယ် ၃ ယောက် ပါဝင်တယ်လို့ သိရပါတယ်။
အသက်ရှင်ကျန်သူတွေကို မော်တော်ယာဉ် အပျက်အစီးတွေကြားက ဆွဲထုတ်ကယ်ဆယ်ခဲ့ပြီး ဒဏ်ရာရသူတွေကို အနီးနားတဝိုက်က ဆေးရုံအသီးသီးကို ပို့ဆောင်ပေးထားပါတယ်။
ဒီခရီးသည်တွေဟာ ယွာဇေးရိုး ဒိုးနော်တေမြို့ရှိ “ကန်းဒေယာ့စ်မယ်တော်” ကျောင်း ဘုရားဖူးခရီးစဉ်ကနေ အာလာဂိုးစ်ပြည်နယ်ကို အပြန်လမ်းမှာ မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။
ရိုက်တာသတင်းဌာနအနေနဲ့ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ မတော်တဆမှု ဗီဒီယိုဖိုင်တွေနဲ့ ဂြိုဟ်တုမြေပုံ အချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးခဲ့ရာမှာ အဲဒီဖြစ်စဉ်ဟာ အဲဒီနေရာမှာ အမှန်တကယ် ဖြစ်ပွားခဲ့တာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
Source: Reuters


