
ဘိုလီးဗီးယားနိုင်ငံ၊ လာပက်ဇ်မြို့မှာ ကျင်းပနေကျ ရက် ၄၀ ကြာ ကာနီဗယ်ပွဲတော်ကို ဇန်နဝါရီ ၁၈ ရက်က "သခွားသီးအလောင်းဖော်ပွဲ" လို့ခေါ်တဲ့ အခမ်းအနားနဲ့ စတင်လိုက်ပါတယ်။
ဒီပွဲမှာတော့ မြို့တော်ဝန် အိုင်ဗန်အာရီးယပ်စ် ဦးဆောင်ပြီး ပက်ပီနိုလို့ခေါ်တဲ့ သခွားသီးရုပ်အလောင်းပါတဲ့ ခရမ်းရောင်ခေါင်းတလားကို သယ်ဆောင်ကာ ဟန်ပြဈာပနအဖြစ် လှည့်လည်ခဲ့ကြတာပါ။
အဲဒီနောက် ဒေသအသီးသီးက အလှမယ်တွေက ခေါင်းတလားထဲက သခွားသီးဇာတ်ကောင်ကို အနမ်းတွေပေးပြီး ပြန်လည်နိုးထလာအောင် လုပ်ဆောင်ခဲ့ကြပါတယ်။
ပြန်လည်အသက်ဝင်လာတဲ့ ပက်ပီနိုဟာ လာပက်ဇ်အလံအရောင်ဖြစ်တဲ့ အနီနဲ့အစိမ်းရောင် ဝတ်စုံဝတ်ဆင်ပြီး ခေါင်းတလားထဲကနေ ခုန်ထွက်လာခဲ့ပါတယ်။
ပက်ပီနိုဟာ ဥရောပက ဟာလေကွင်းန်လူရွှင်တော်ပုံစံကို အင်ဒီရိုးရာဟန်တွေနဲ့ ပေါင်းစပ်ထားတဲ့ လာပက်ဇ်မြို့ရဲ့ ပျော်ရွှင်စရာ ပြယုဂ်တခုလည်း ဖြစ်ပါတယ်။
ဒီအခမ်းအနားဟာ ၂၀၂၆ ခုနှစ် ဘိုလီးဗီးယားကာနီဗယ်ရာသီရဲ့ ပထမဆုံး အဓိကပွဲတော်ဖြစ်ပြီး ရိုးရာအကအဖွဲ့တွေ၊ မြို့ခံတွေနဲ့ စည်စည်ကားကားကျင်းပခဲ့ပါတယ်။
Source: Reuters


