
ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း၊ မီနာဇ်ဂျရိုက်စ်ပြည်နယ်မှာ အခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့တာကနေ လူနေရပ်ကွက် အများအပြား ပျက်စီးသွားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်အထိ နောက်ဆုံးရရှိတဲ့ အချက်အလက်တွေအရ အနည်းဆုံး လူ ၂၅ ယောက် သေဆုံးပြီး နောက်ထပ် လူ ၄၇ ယောက်လောက်လည်း နုံးမြေတွေအောက်မှာ ပျောက်ဆုံးနေတယ်လို့ ပြည်နယ်အာဏာပိုင်တွေက အတည်ပြုထားပါတယ်။
ဂျုဝစ်ဇ်ဒီဖှိုရာမြို့မှာတော့ ၁၈ ယောက် သေဆုံးပြီး အနီးနားက အူဘာမြို့မှာ ၇ ယောက်၊ စုစုပေါင်း ၂၅ ယောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင် ၅၀၀ ကျော်ဟာ နေရာ ၁၀ ခုခွဲပြီး ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးတွေ လုပ်နေကြောင်း ဒုတိယ ပြည်နယ်အုပ်ချုပ်ရေးမှူး မာတေယို့စ် ဆီးမိုးစ်က ပြောပါတယ်။
မြေပြိုမှုကြီးတခု ဖြစ်ပွားပြီးနောက်မှာ ကယ်ဆယ်ရေးသမားတွေဟာ ရွှံ့နွံတွေနဲ့ အပျက်အစီးတွေ ကြားကနေ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူနိုင်ဖို့ ပြန်လည်ရှာဖွေခဲ့ကြပေမဲ့ မြေပြိုထားတဲ့ ဧရိယာက ကျယ်လွန်းတာရယ်၊ နေအိမ် ၁၂ လုံးလောက် ရွှံ့နွံတွေအောက် ရောက်သွားတာရယ်ကြောင့် အလောင်းတွေကို ပြန်ဖော်ရတာ အတော်လေး ခက်ခဲတယ်လို့ ဆိုပါတယ်။
ဂျုဝစ်ဇ်ဒီဖှိုရာမြို့ တမြို့တည်းမှာတင် လူပေါင်း ၄၄၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး စာသင်ကျောင်းတွေကိုလည်း ယာယီပိတ်ထားရပါတယ်။
ဒီနှစ် ဖေဖော်ဝါရီလဟာ မြို့သမိုင်းတလျှောက် မိုးအများဆုံးရွာတဲ့လ ဖြစ်နေပြီး ပုံမှန်ရွာရမဲ့နှုန်းထက် ၂ ဆကျော် ပိုများနေပါတယ်လို့ မြို့တော်ခန်းမက ထုတ်ပြန်ထားပါတယ်။
ဘရာဇီးအစိုးရဟာ ဂျုဝစ်ဇ်ဒီဖှိုရာမြို့ကို အရေးပေါ်အခြေအနေ ကြေညာထားပြီး လူမှုကူညီရေးနဲ့ ထောက်ပံ့ကူညီရေး လုပ်ငန်းတွေကို အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့ စီစဉ်ထားပါတယ်။
ဘရာဇီးနိုင်ငံရဲ့ ဒေသအများစုမှာ ဒီဇင်ဘာလမှ မတ်လအထိ နွေရာသီ မိုးရွာချတတ်တဲ့ အထွတ်အထိပ်ကာလ ဖြစ်တာကြောင့် မိုးသည်းထန်မှုတွေကနေ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိပါတယ်။
Source: Reuters


