
နယူးဇီလန်နိုင်ငံရဲ့ မြို့တော် ဝယ်လင်တန်မှာ ဒီသီတင်းပတ်ကုန်က ပျက်စီးဆုံးရှုံးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့တဲ့ အားပြင်းမုန်တိုင်းတခုဟာ တောင်ဘက်ကို ဆက်လက် ရွေ့လျားလာတာကြောင့် ဖေဖော်ဝါရီ ၁၇ ရက်က ဆောက်သ်အိုင်လန်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကနေ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး မော်တော်ကားလမ်းတွေနဲ့ တံတားတွေကို ပိတ်ထားရပါတယ်။
နယူးဇီလန်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခရိုက်စ်ချာ့ချ် အနီးရှိ ဘန့်ခ်စ်ကျွန်းဆွယ်မှာ ရေကြီးမှု၊ သစ်ပင်တွေ ပြိုလဲကျတာနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး တချို့နေရာတွေမှာ ဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကာ လူမှုအသိုက်အဝန်းတွေလည်း ထိခိုက်ခဲ့တာကြောင့် ဒေသအရေးပေါ်အခြေအနေ ကြေညာခဲ့ရပါတယ်။
နယူးဇီလန် မိုးလေဝသဌာနက အရှေ့ဘက်ကမ်းရိုးတန်းအလွန်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် အင်္ဂါနေ့တနေ့လုံး မိုးထပ်မံ သည်းထန်စွာ ရွာသွန်းနိုင်ခြေရှိကြောင်း ထုတ်ပြန်ထားပြီး မြစ်ချောင်းတွေမှာ ရေမျက်နှာပြင် ရုတ်တရက် မြင့်တက်လာနိုင်ကာ မြေပြိုမှုတွေလည်း ဖြစ်ပွားနိုင်ကြောင်း သတိပေးထားပါတယ်။
မုန်တိုင်းဟာ တောင်ကျွန်းကို မရွေ့လျားမီ မြောက်ကျွန်းမှာလည်း အကြီးအကျယ် ထိခိုက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရသလို အဓိက အဝေးပြေးလမ်းမကြီးတွေကို ပိတ်ထားရပြီး ထောင်သောင်းချီတဲ့ ဒေသခံတွေလည်း လျှပ်စစ်မီးပြတ်တောက်မှုဒဏ်ကို ခံခဲ့ရပါတယ်။
Source: Reuters


