
အိန္ဒိယသမုဒ္ဒရာကျွန်းနိုင်ငံဖြစ်တဲ့ မာဒါဂတ်စ်ကာနိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းကို တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း ဂဇာနီကြောင့် အနည်းဆုံး လူ ၉ ယောက် သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားဘေးအန္တရာယ်နဲ့ သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုဗျူရို (BNGRC) က ဖေဖော်ဝါရီ ၁၁ ရက်မှာ ထုတ်ပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်မှာ မုန်တိုင်းဟာ တိုအာမာစီနာ ဆိပ်ကမ်းမြို့အနီး ကုန်းတွင်းပိုင်းထိ ဝင်ရောက်ခဲ့ပြီး တိုအာမာစီနာ ၂ ခရိုင်အတွင်းက လူပေါင်း ၁,၃၇၉ ယောက်ကို ကြိုတင်ကာကွယ်ရေးအနေနဲ့ နေရပ်ပြောင်းရွှေ့စေခဲ့ကြောင်း ပထမအကြိမ် အခြေအနေ တင်ပြချက်ထဲမှာ ဖော်ပြထားပါတယ်။
ပင်လယ်ရေ မြင့်တက်၊ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် တိုအာမာစီနာမြို့က လမ်းတွေ ရေမြုပ်ခဲ့ပြီး နေအိမ်တွေ ပြိုကျခြင်း၊ အမိုးတွေ ပျက်စီး လွင့်ပျံ ပြုတ်ကျခဲ့သလို လျှပ်စစ်မီး ပြတ်တောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့တယ်လို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဗျူရိုက ပြောပါတယ်။
မုန်တိုင်းနီးကပ်လာချိန် အင်္ဂါနေ့မှာ အရာရှိတွေဟာ အက်တ်စီနာနားနာ ဒေသတလျှောက်ရှိ ကျောင်းတွေကို ပိတ်ထားခဲ့ပြီး အရေးပေါ်ခိုလှုံရေးစခန်းတွေကိုလည်း ပြင်ဆင်ခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မှာတော့ ဂဇာနီ ဆိုင်ကလုန်းမုန်တိုင်းဟာ ပျမ်းမျှလေတိုက်နှုန်း တနာရီ ၈၀ ကီလိုမီတာ (တနာရီ မိုင် ၅၀) ရှိတဲ့ အလယ်အလတ်အဆင့် အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားပြီး လက်ရှိမှာ အနောက်ဘက်ကို တနာရီ ၂၂ ကီလိုမီတာနှုန်းနဲ့ ဆက်လက်ရွေ့လျားနေကြောင်း မါဒါဂတ်စ်ကာ မိုးလေဝသဌာနက ဆိုပါတယ်။
မာဒါဂတ်စ်ကာသမ္မတ ဗိုလ်မှူးကြီး မိုက်ကယ် ရန်ဒရီယန်နီရီနာဟာ မနေ့မနက်ပိုင်းမှာ မုန်တိုင်းဘေးသင့် ဧရိယာတွေဆီ သွားရောက်ကြည့်ရှုခဲ့ပြီး လမ်းတွေပေါ်မှာ အပျက်အစီးတွေ ပြည့်နှက်နေကာ ရေလျှံမှုတွေကနေ စီးဆင်းနေဆဲဖြစ်ကြောင်း မြင်တွေ့ရပါတယ်။
မာဒါဂတ်စ်ကာနိုင်ငံဟာ ဆိုင်ကလုန်းရာသီအတွင်း မကြာခဏ မုန်တိုင်းတိုက်ခတ်ခံရလေ့ရှိပြီး ၂၀၂၄ ခုနှစ်တုန်းကလည်း ဆိုင်ကလုန်း ဂါမိန်းကြောင့် လူ ၁၈ ယောက်ထက်မနည်း သေဆုံးကာ ထောင်နဲ့ချီတဲ့ ပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
Source: Reuters


