
ဥရောပနိုင်ငံတွေမှာ တိုက်ခတ်တဲ့ အပူပိုင်းဒေသ ပြင်ပမုန်တိုင်းအမျိုးအစားဖြစ်တဲ့ ခရစ္စတင် မုန်တိုင်းကြောင့် ပေါ်တူဂီနိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတို့မှာ ဇန်နဝါရီ ၂၈ ရက်က အနည်းဆုံး လူ ၃ ယောက် သေဆုံးခဲ့ပြီး ဒေသခံ ၈ သိန်းကျော် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။
မုန်တိုင်းဟာ စပိန်နိုင်ငံအတွင်းကို မဝင်ရောက်ခင် သစ်ပင်တွေ ပြိုလဲတာ၊ နေအိမ်တွေ ထိခိုက်ပျက်စီးတာနဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ မီးရထား သွားလာရေးတို့ အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးဌာန အဆိုအရ လစ္စဘွန်းမြို့ပြင်ရှိ ဗီလာ ဖရန်ကာ ဒါရှီးရာမြို့မှာ ကားပေါ်ကို သစ်ပင်လဲကျမှုကြောင့် လူတယောက် သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ အလယ်ပိုင်း လေးအီရာခရိုင်မှာလည်း နောက်ထပ် လူ ၂ ယောက် သေဆုံးခဲ့ကြောင်း ဒေသခံကောင်စီက ပြောကြားခဲ့ပါတယ်။
လူဦးရေ ၁၁ သန်းနီးပါးရှိတဲ့ ပေါ်တူဂီနိုင်ငံမှာ တနာရီ ၁၅၀ ကီလိုမီတာအထိ လေပြင်းတွေ တိုက်ခတ်တာ၊ မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ ဆီးနှင်းကျတာတွေကြောင့် မိုးလေဝသနဲ့ပတ်သက်တဲ့ မတော်တဆမှုပေါင်း ၃,၀၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။
ခရစ္စတင်မုန်တိုင်းဟာ ပေါ်တူဂီကို ဖြတ်သန်းလာခဲ့ပြီးနောက်မှာ အရင် ဂျိုးဆက်ဖ်မုန်တိုင်းဒဏ်က ပြန်လည်နာလံထူဖို့ ကြိုးပမ်းနေဆဲဖြစ်တဲ့ အရှေ့ဘက်ရှိ စပိန်နိုင်ငံအတွင်းကို ဆက်လက်ဝင်ရောက်ခဲ့ပါတယ်။
ကမ်းရိုးတန်းမြို့ တောရေမိုလိနိုစ်မှာ အင်္ဂါနေ့က လေပြင်းတိုက်ခတ်မှုကြောင့် ထန်းပင်တပင် ပြိုလဲခဲ့ပြီး အမျိုးသမီးတယောက် သေဆုံးခဲ့ပါတယ်။
Source: Reuters


