
ကိုလံဘီယာနိုင်ငံ၊ ဆန်တာမာတာမြို့ရှိ ရပ်ကွက်တခုမှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြေပြိုမှုဖြစ်ပွားခဲ့ရာ လူ ၃ ယောက် သေဆုံးခဲ့ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန (UNGRD) က ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၂ ရက် မနက်အစောပိုင်းက မက်ဂဒါလီနာခရိုင်ရှိ နေထိုင်သူတွေဟာ တောင်ကုန်းပေါ်ကနေ မြေပြိုသံကြီးကို ကြားလိုက်ရကြောင်း ပြောပြကြပြီး ရွှံ့နွံတွေ၊ ကျောက်တုံးတွေနဲ့ သစ်ပင်တွေ ပြိုဆင်းလျှောကျမှုကြောင့် နေအိမ် ၈ လုံး ပြိုကျပျက်စီးခဲ့ပြီး အနည်းဆုံး အိမ်ခြေ ၅၀ လောက် ထိခိုက်သွားခဲ့ပါတယ်။
ကော်ဒိုဘာပြည်နယ်မှာလည်း ဆန်ဟော်ရ်ဟေမြစ်ရေ လျှံတက်လာတာကြောင့် လမ်းမတွေပေါ် ရေကြီးကာ ဒေသခံ ထောင်ပေါင်းများစွာဟာ လှေတွေနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနိုင်ငံလုံးမှာ မိသားစုပေါင်း ၁၀,၀၀၀ နီးပါး ထိခိုက်ခဲ့ရကြောင်း UNGRD က ပြောကြားခဲ့ပါတယ်။
အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲမှုယူနစ် (UNGRD) ညွှန်ကြားရေးမှူး ကားလော့စ် ကာရီလ်ယိုက “တနိုင်ငံလုံး အတိုင်းအတာနဲ့ အရေးပေါ်အခြေအနေ ၂၁၉ ခု ဖြစ်ပွားခဲ့ပြီး မြေပြိုမှု ၁၁၀ ကြိမ်နဲ့ ရေကြီးမှု အကြိမ်ပေါင်းများစွာ ပါဝင်ပါတယ်။ လက်ရှိအချိန်အထိ စုစုပေါင်း မိသားစု ၉,၈၀၀ ကျော် ထိခိုက်ခံစားနေရတယ်” လို့ ပြောပါတယ်။
အခုနှစ်မှာ ကိုလံဘီယာနိုင်ငံရဲ့ မိုးရွာသွန်းမှုနှုန်းဟာ ပုံမှန်ထက် ၆၄ ရာခိုင်နှုန်းကျော် ပိုမိုများပြားနေပြီး ကာရစ်ဘီယံ၊ အင်န်ဒီယန်နဲ့ အယ်မဇွန်ဒေသတွေမှာ အဆိုးရွားဆုံး ထိခိုက်နေပါတယ်။
အာဏာပိုင်တွေကတော့ ရုတ်တရက်ရေကြီးမှုတွေ ထပ်မံဖြစ်ပွားနိုင်တာကြောင့် ဒေသအသီးသီးမှာ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
Source: Reuters


