
ကိုလံဘီယာနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဇန်နဝါရီ ၂၈ ရက်က လေယာဉ်ပျက်ကျမှုကြောင့် ဒေသခံ ဥပဒေပြုအမတ်တယောက် အပါအဝင် လေယာဉ်ပေါ်ပါ လူ ၁၅ ယောက်စလုံး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် ဆာတီနာ လေကြောင်းလိုင်းက ပြောကြားခဲ့ပါတယ်။
ဆေအာ့ကာ ကုမ္ပဏီက ပြေးဆွဲတဲ့ အင်ဂျင်နှစ်လုံးတပ် တာဘိုပရော့ပ် လေယာဉ်ဟာ မွန်းတည့်ချိန် မတိုင်ခင်က ဗင်နီဇွဲလားနယ်စပ်ရှိ ကူကူတာမြို့ကနေ အိုကာ့ညာမြို့ကို ခရီးတို ပျံသန်းထွက်ခွာသွားပြီးနောက် ၁၂ မိနစ်အကြာမှာ လေကြောင်းထိန်းချုပ်ရေးဌာနနဲ့ အဆက်အသွယ် ပြတ်တောက်သွားပြီး ခရီးသည် ၁၃ ယောက်နဲ့ လေယာဉ်အမှုထမ်း ၂ ယောက် ပျောက်ဆုံးသွားကြောင်း ဆာတီနာရဲ့ဥက္ကဋ္ဌ အော်စ်ကာ ဇူလွာဂါက အတည်ပြုခဲ့ပါတယ်။
လေကြောင်းလိုင်းက ထုတ်ပြန်တဲ့ ခရီးသည်စာရင်းအရ လေယာဉ်ပေါ်မှာ ဒေသခံ လွှတ်တော်အမတ် ဒီအိုဟဲနက်စ် ကင်န်တယ်ရိုနဲ့ သူ့အဖွဲ့ဝင်တွေအပြင် မတ်လမှာ ကျင်းပမဲ့ ရွေးကောက်ပွဲအတွက် ကွန်ဂရက်စ် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မဲ့ ကားလော့စ် ဆားလ်ချေဒိုလည်း လိုက်ပါစီးနင်းကြောင်း သိရပါတယ်။
အရပ်ဘက်လေကြောင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူး အာလ်ဗာဒို ဘယ်ယိုက အာဏာပိုင်တွေဟာ လေယာဉ်ပျံသန်းမှု လုပ်ငန်းတွေနဲ့ တောင်တန်းဒေသမှာ တွေ့ရှိရတဲ့ ဆိုးရွားတဲ့ ရာသီဥတု အခြေအနေတွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို စုဆောင်းနေကြောင်း ပြောဆိုပါတယ်။
လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်သေးပေမဲ့ လေယာဉ်ရဲ့ အရေးပေါ် အချက်ပေးစနစ်မှာ ပွင့်မလာခဲ့ကြောင်း ဆာတီနာ လေကြောင်းလိုင်းက ပြောပါတယ်။
ကိုလံဘီယာ ပို့ဆောင်ရေးဝန်ကြီး မာရီယာ ဖာနန်ဒါ ရိုဟက်စ် မန်တီးလားက သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ကူညီဖို့နဲ့ သတင်းအချက်အလက်တွေကို တိုက်ရိုက်ပေးနိုင်ဖို့ ဌာနတခု ဖွင့်ထားကြောင်းနဲ့ ရုပ်အလောင်းတွေကို ကူကူတာမြို့ကို ပြန်လည်သယ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
လေယာဉ်ပျက်ကျတဲ့နေရာဟာ ကိုကင်းအတွက် ကုန်ကြမ်းဖြစ်တဲ့ ကိုကာရွက်တွေကို စိုက်ပျိုးထားတဲ့ တောင်တန်းဒေသဖြစ်ပြီး အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ကိုလံဘီယာ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့က သဘောထားကွဲလွဲတဲ့အဖွဲ့လို တရားမဝင် လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားနေတဲ့နေရာလည်း ဖြစ်ပါတယ်။
Source: Reuters


