
အိမ်နီးချင်း ကိုလံဘီယာနိုင်ငံနဲ့ ဖြစ်ပွားနေတဲ့ အခွန်စစ်ပွဲ ပိုမိုပြင်းထန်လာချိန်မှာပဲ အီကွေဒေါနိုင်ငံ ဟာ ဇန်နဝါရီ ၂၃ ရက်က အီကွေဒေါ-ဖြတ်ကျော် ပိုက်လိုင်းစနစ် (SOTE) မှတဆင့် ကိုလံဘီယာ ရေနံအတွက် သယ်ယူပို့ဆောင်ခကို တစည်လျှင် ၃ ဒေါ်လာမှ ၃၀ ဒေါ်လာအထိ (၁၀ ဆ) ၉၀၀ ရာခိုင်နှုန်း တိုးမြှင့်လိုက်ကြောင်း ပတ်ဝန်းကျင်နဲ့ စွမ်းအင်ဝန်ကြီး အီနက်စ်မန်ဇာနိုက ကြေညာ ခဲ့ပါတယ်။
အီကွေဒေါအစိုးရဟာ ကိုလံဘီယာနယ်စပ်မှာ မူးယစ်ဆေးဝါး နှိမ်နင်းမှု အားနည်းတယ်လို့ အကြောင်းပြပြီး ဇန်နဝါရီ ၂၄ ရက်မှစပြီး ကိုလံဘီယာသွင်းကုန်တွေ အပေါ် အခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ကြေညာခဲ့ပြီးနောက်မှာ လုပ်ဆောင်လာတာပါ။
ဒါကို တုံ့ပြန်တဲ့အနေနဲ့ ကိုလံဘီယာကလည်း အီကွေဒေါ ထုတ်ကုန် ၂၀ ကျော်ကို အလားတူ အခွန်တွေ တိုးမြှင့်ခဲ့တဲ့အပြင် လက်ရှိမှာ စွမ်းအင်အခက်အခဲ ကြုံတွေ့နေရတဲ့ အက်ကွေဒေါကို လျှပ်စစ်ဓာတ်အား ရောင်းချပေးနေမှုကိုလည်း ဆိုင်းငံ့လိုက်ပါတယ်။
အခုနှုန်းထားတိုးမြှင့်မှုဟာ ကိုလံဘီယာအစိုးရပိုင် အီကိုပက်ထရိုလ်နဲ့ တခြားပုဂ္ဂလိက ကုမ္ပဏီတွေ အပေါ် တိုက်ရိုက်သက်ရောက်မှာ ဖြစ်ပါတယ်။
ဒေသခံမီဒီယာ ပရီမီးစီယာ့ အဆိုအရ ၂၀၂၅ ခုနှစ်အတွင်း အက်ကွေဒေါ- ဖြတ်ကျော် ပိုက်လိုင်း စနစ် SOTE မှတဆင့် နေ့စဉ် ပျမ်းမျှ ကိုလံဘီယာရေနံ စည်ပေါင်း ၁၀,၃၀၀ လောက်ကို သယ်ယူပို့ဆောင် ခဲ့ပါတယ်။
အခုနှုန်းထားတိုးမြှင့်မှုဟာ နယ်စပ်လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့နဲ့ ပတ်သက်ပြီး နည်းပညာနဲ့ ဥပဒေကြောင်းအရ ခိုင်လုံတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်းလည်း စွမ်းအင်ဝန်ကြီး မန်ဇာနိုက အတည်ပြု ပြောပါတယ်။
Source:Reuters


