
ကိုလံဘီယာနိုင်ငံမှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို တင်းတင်းကျပ်ကျပ် တိုက်ဖျက်လာနိုင်တဲ့ အတွက် မူးယစ်ဂိုဏ်းခေါင်းဆောင်တွေဟာ အီကွေဒေါဘက်ကို ထွက်ပြေးကူးပြောင်းသွားကြပြီလို့ ကိုလံဘီယာသမ္မတ ဂူစတာဗိုပက်ထရိုက ဇန်နဝါရီ ၂၃ ရက်မှာ ပြောပါတယ်။
ဒါနဲ့အတူ နယ်စပ်ဒေသ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမူဝါဒတွေကြောင့် အိမ်နီးချင်း အီကွေဒေါနဲ့ ကိုလံဘီယာအကြား ကုန်သွယ်ရေးတင်းမာမှုတွေလည်း ပေါ်ပေါက်လာနေပါတယ်။
နာရီညိုပြည်နယ် တူမာကိုမြို့မှာ ပြုလုပ်တဲ့ ဟောပြောပွဲအတွင်း သမ္မတပက်ထရိုက “ပြီးခဲ့တဲ့နှစ်ဟာ ကမ္ဘာတဝန်းလုံးအနေနဲ့ ကြည့်မယ်ဆိုရင် သမိုင်းတလျှောက် ကိုကင်းအများဆုံး ဖမ်းဆီးရမိနိုင်ခဲ့တဲ့နှစ် ဖြစ်ပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုတွေကို ရပ်တန့်အောင် လုပ်ဆောင်နေသလို ဖမ်းဆီးရမိမှုတွေကလည်း တိုးတက်လာနေပါတယ်” လို့ ပြောပါတယ်။
အီကွေဒေါနိုင်ငံအနေနဲ့ ကိုလံဘီယာ ကြုံတွေ့ခဲ့ရတဲ့ သမိုင်းကြောင်းအမှားတွေကို ထပ်မကျော့ဖို့ လိုအပ်ကြောင်းလည်း သမ္မတ ပက်ထရိုက သတိပေးခဲ့ပါတယ်။
ကိုလံဘီယာရဲတပ်ဖွဲ့အနေနဲ့ အီကွေဒေါရဲတပ်ဖွဲ့နဲ့ စစ်တပ်ကို ဆိပ်ကမ်းတွေကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ သင်ကြားပေးရမယ်လို့ ဆိုပါတယ်။
ထို့အပြင် အီကွေဒေါကျေးလက်ဒေသ ပြည်သူတွေ မူးယစ်နွံထဲ မကျရောက်အောင် ဘယ်လို ကာကွယ်ရမလဲ၊ ဘဏ်လုပ်ငန်းရှင်တွေအနေနဲ့ မူးယစ်ဆေးဝါးကရတဲ့ ငွေမည်းတွေကို လက်မခံအောင် ဘယ်လို တားဆီးရမလဲဆိုတာတွေကိုပါ မျှဝေပေးရမယ်လို့ ပြောပါတယ်။
ဒါ့အပြင် အီကွေဒေါနဲ့ ကိုလံဘီယာဆိပ်ကမ်းတွေကတဆင့် ကုန်သင်္ဘောကြီးတွေ အသုံးပြုပြီး ဖန်တနီးလ်ထုတ်လုပ်ရာမှာသုံးတဲ့ ဓာတုပစ္စည်းတွေ မဝင်ရောက်နိုင်အောင် စစ်ဆေးရေးကိုလည်း တင်းကျပ်ဖို့ လိုအပ်ကြောင်း သမ္မတ ပက်ထရိုက ထပ်မံပြောပါတယ်။
တခြားဘက်မှာတော့ အီကွေဒေါသမ္မတက သူ့နိုင်ငံအတွင်း အကြမ်းဖက်မှုတွေ၊ လုပ်ကြံသတ်ဖြတ်မှု တွေ များလာနေတာဟာ ကိုလံဘီယာဘက်က နယ်စပ်ကို သေချာမထိန်းချုပ်နိုင်လို့ ဖြစ်တယ်လို့ အပြစ်တင်ပြောဆိုနေပြီး ဒါကနေ ကုန်သွယ်ရေး ပိတ်ဆို့မှုတွေထိ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
ကိုလံဘီယာနိုင်ငံက ဇန်နဝါရီ ၂၂ ရက်မှာ အီကွေဒေါနိုင်ငံကို လျှပ်စစ်ဓာတ်အား ရောင်းချမှု ရပ်ဆိုင်းကြောင်းနဲ့ အီကွေဒေါထုတ်ကုန် ၂၀ မျိုးအပေါ် ၃၀ ရာခိုင်နှုန်း အခွန်ကောက်ခံမယ်လို့ ကြေညာခဲ့ပါတယ်။
ဒါကို တုံ့ပြန်တဲ့အနေနဲ့ အီကွေဒေါသမ္မတ ဒန်နီရယ်နိုဘိုအာက ဖေဖော်ဝါရီ ၁ ရက်ကစပြီး ကိုလံဘီယာမှ ကုန်ပစ္စည်းတွေကို ၃၀ ရာခိုင်နှုန်း “လုံခြုံရေးအခကြေးငွေ” ကောက်ခံမယ်လို့ ပြောကြားခဲ့ပြီး နောက်တရက်အကြာမှာပဲ လက်တွေ့ အရေးယူမှုတွေ စတင်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
အီကွေဒေါဘက်ကတော့ ကိုလံဘီယာနဲ့ ကုန်သွယ်ရာမှာ အရှုံးပေါ်နေတာနဲ့ နယ်စပ်ဒေသ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ ကိုလံဘီယာဘက်က ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ် ဆိုတာတွေကို အကြောင်းပြပြီး အခွန်တိုးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကိုလံဘီယာနိုင်ငံကတော့ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုကို ထိရောက်စွာ မကိုင်တွယ်ဘူးဆိုတဲ့ စွပ်စွဲချက် တွေကို အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။
အမေရိကန်သမ္မတ ထရမ့်ပ်ရဲ့ ရင်းနှီးတဲ့ မဟာမိတ် အီကွေဒေါသမ္မတ နိုဘိုအာကတော့ သူ့အုပ်ချုပ်ရေးသက်တမ်းအတွင်း ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းရေးကို အဓိက ဦးစားပေး ဆောင်ရွက်နေသူဖြစ်ပြီး ဒီမူဝါဒတွေဟာ တောင်အမေရိကဒေသမှာ အိမ်ဖြူတော်ရဲ့ အဓိက ဦးစားပေးချက်တွေနဲ့လည်း ကိုက်ညီနေတာ ဖြစ်ပါတယ်။
Source:Reuters


