
ကိုလံဘီယာရေတပ်ဟာ နိုင်ငံရဲ့ ပစိဖိတ်ကမ်းရိုးတန်းအလွန်က ပင်လယ်ပြင် ကြားဖြတ်ဖမ်းဆီးမှု တခုမှာ ကိုကင်း ၂ တန်နီးပါး ဖမ်းဆီးရမိခဲ့တယ်လို့ အာဏာပိုင်တွေက ဇန်နဝါရီ ၁၄ ရက်မှာ သတင်းထုတ်ပြန် ပါတယ်။
ရေတပ်သားတွေက နာရီနိုပြည်နယ် စန်အန်ဒရေ ဒေတူမာကို ခရိုင်ကနေ ရေမိုင် ၁၄၀ အကွာမှာ သံသယဖြစ်စရာကောင်းတဲ့ “အမြန်သွား” သင်္ဘောတစင်းကို တွေ့ခဲ့တယ်လို့ ကိုလံဘီယာရေတပ်က ပြောပါတယ်။
သင်္ဘောကို ကြားဖြတ်ဖမ်းဆီးပြီးတဲ့နောက် ဝန်ထမ်းတွေက တရားမဝင် မူးယစ်ဆေးဝါးတွေ ပါတယ်လို့ သံသယရှိတဲ့ အထုပ် ၆၈ ထုပ်နဲ့ ပလတ်စတစ်လောင်စာဘူး ၁၈ ဘူးကို တွေ့ခဲ့ကြပါတယ်။
သင်္ဘောသားတွေနဲ့ ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေကို တူမာကို ကမ်းရိုးတန်းစောင့်တပ်စခန်းဆီ ပို့ဆောင်ခဲ့ပါတယ်။
အရာရှိတွေက ကုန်တင်သင်္ဘောပေါ်မှာ ကိုကင်းဟိုက်ဒရိုကလိုရိုက် ၁,၉၉၉ ကီလိုဂရမ် ပါတယ်လို့ ဆုံးဖြတ်ခဲ့ပြီး အာဏာပိုင်တွေက လောင်စာဆီဂါလံ ၂၇၀ ဖမ်းဆီးရမိတယ်လို့ အတည်ပြုခဲ့ပါတယ်။
စစ်ဆင်ရေးအတွင်း လူ ၃ ယောက်ကို ဖမ်းဆီးခဲ့ပြီး တရားစွဲဖို့ သက်ဆိုင်ရာ တရားစီရင်ရေး အာဏာပိုင်တွေဆီ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
Source: Reuters


