
ပီရူးနိုင်ငံ၊ ဟျူနင်န်ဒေသရှိ ချန်ချာမာယိုပြည်နယ်မှာ ဇန်နဝါရီ ၂၇ ရက်နဲ့ ၂၈ ရက်တွေက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်ကာ နေအိမ်တွေလည်း အပျက်အစီးတွေအောက် နစ်မြုပ်နေခဲ့ပြီး ဒေသခံအများအပြား ပိတ်မိနေကြချိန်မှာ ထိခိုက်ခံရတဲ့နေရာတွေကို စက်ယန္တရားကြီးတွေနဲ့ ရှင်းလင်းနေကြပါတယ်။
မိုးသည်းမြေပြို ကပ်ဘေးကြောင့် ဒေသတွင်းရှိ နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရတဲ့အပြင် ရေနဲ့ လျှပ်စစ်မီး ဝန်ဆောင်မှုတွေလည်း ပြတ်တောက်သွားခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးခဲ့ရတဲ့ ဒေသခံတွေဟာ သူတို့မိသားစုတွေအတွက် အစားအစာနဲ့ ခြုံစောင်တွေကို အရေးပေါ်ကူညီပေးဖို့ တောင်းဆိုနေရပါတယ်။
ပီရူးနိုင်ငံတော် မြို့ပြကာကွယ်ရေးဌာန (Indeci) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနိုင်ငံလုံးရှိ ခရိုင်ပေါင်း ၅၁၉ ခုကို “အရေးပေါ်အခြေအနေ” ကြေညာထားရပါတယ်။
အခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ မိုးကြိုးပစ်ခြင်းနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူ ၂၂ ယောက်ရှိပြီး လမ်းပေါင်း ၁၆၇ လမ်း ထိခိုက်ပျက်စီးခဲ့ရကာ အဝေးပြေးလမ်းမကြီးရဲ့ ၂၀ ကီလိုမီတာ လုံးဝပျက်စီးခဲ့ပါတယ်။
ချန်ချာမာယို အရေးပေါ်အခြေအနေအတွင်း မြေပြိုမှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ခရီးသွားတွေနဲ့ ဆိုင်ကယ်တက္ကစီ မောင်းနှင်သူတွေဟာ အန္တရာယ်တွေကြားကနေ ဖြတ်သန်းသွားလာနေရတာ ဖြစ်ပါတယ်။
Source: Reuters


