Home
နိုင်ငံတကာ
အာဂျင်တီးနားတွင် တောမီးအန္တရာယ် အရေးပေါ်အခြေအနေ ကြေညာ
DVB
·
January 30, 2026
Photo: Reuters

အာဂျင်တီးနားနိုင်ငံ၊ ချူဘု(ထ်) ပြည်နယ်၊ ချိုလိလာမြို့တဝိုက်မှာ ဇန်နဝါရီ ၂၉ ရက်က တောမီး အများအပြား လောင်ကျွမ်းနေတာကို အပြင်းအထန် ငြှိမ်းသတ်နေရပြီး လေတိုက်နှုန်းပြင်းထန်မှု၊ အပူချိန် မြင့်မားမှုတို့ကြောင့် မီးထိန်းချုပ်ရေး အခက်အခဲ ကြုံတွေ့နေရတဲ့အတွက် အာဂျင်တီးနား အမျိုးသားအစိုးရက အရေးပေါ်အခြေအနေ ကြေညာခဲ့ရပါတယ်။

ဒေသဆိုင်ရာသတင်းတွေအရ လာမဲ့နာရီပိုင်းအတွင်း မိုးလေဝသ အခြေအနေတွေကြောင့် အရေးကြီးဒေသတွေရှိ မီးထိန်းချုပ်ရေး နယ်နိမိတ်စည်းတွေ ကျိုးပေါက်သွားနိုင်ကြောင်း ပြည်နယ်မီးသတ်စီမံခန့်ခွဲရေးဌာနက သတိပေးထားပါတယ်။

လေတိုက်နှုန်းမှာလည်း နာရီပိုင်းအတွင်း လမ်းကြောင်းအမျိုးမျိုး ပြောင်းလဲနေပြီး မီးသတ်သမားတွေ အန္တရာယ်ရှိတာကြောင့် နောက်ဆုတ် ရွှေ့ပြောင်းခဲ့ရတဲ့ အခြေအနေတွေလည်း ရှိခဲ့တယ်လို့ အရေးပေါ်ဌာန အရာရှိတွေက ပြောပါတယ်။

“လေက အနောက်ဘက်ကလာမယ်လို့ ခန့်မှန်းထားပေမဲ့ တကယ့်တကယ်ကျတော့ လမ်းကြောင်းပြောင်းပြီး ကျမတို့ကို အံ့အားသင့်အောင် လုပ်လေ့ရှိတယ်” လို့ အရေးပေါ်စင်တာမှ ညှိနှိုင်းရေးမှူး လောင်ရာ မီရန်တစ်စ်က ပြောပါတယ်။

သမ္မတ ဟာဗီယာ မီလေ့ရဲ့ နိုင်ငံရေးအစိုးရအဖွဲ့ဟာ ချူဘု(ထ်)၊ ရီယိုနေဂရို၊ နူးကန်နဲ့ လာပမ်းပါး ပြည်နယ်တွေမှာ တောမီးအရေးပေါ်အခြေအနေ ကြေညာချက်ကို အမိန့်ထုတ်ပြန်ဖို့ အတည်ပြုခဲ့ပြီး အဲဒီကြေညာချက်ကြောင့် အထူးဘဏ္ဍာရေးပံ့ပိုးမှုနဲ့ မီးသတ်ပစ္စည်းကိရိယာတွေကို ပိုမိုဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။

ဒေသတွင်းအပူချိန်ဟာ ၃၆ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခြင်းနဲ့ မိုးခေါင်ရေရှားမှု အလွန်အမင်း ဖြစ်ပွားခြင်းအတွက် အဝါရောင်သတိပေးချက် ထုတ်ပြန်ထားပြီး မီးခိုးတွေကြောင့် မြင်နိုင်စွမ်းနည်းပါးခြင်းတွေအတွက် ရေဖျန်းလေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေ ပျံသန်းမှုကို ကန့်သတ်ထားပါတယ်။

အာဂျင်တီးနားတောင်ပိုင်း ပါတာဂိုးနီးယားဒေသမှာ ရက်သတ္တပတ်တွေချီ တောမီး ငြှိမ်းသတ်ခဲ့ရပြီးနောက် ဟက်တာပေါင်း သောင်းနဲ့ချီ မီးလောင်ကျွမ်း ပျက်စီးသွားပြီး ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013