
ကိုလံဘီယာနိုင်ငံရဲ့ ကာရစ်ဘီယံဒေသ အပါအဝင် နိုင်ငံတဝန်းမှာ ပုံမှန်မဟုတ်တဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ကြီးမားတဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး ဖေဖော်ဝါရီ ၅ ရက်အထိ မိသားစု ထောင်ပေါင်းများစွာဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
တနိုင်ငံလုံး အတိုင်းအတာနဲ့ ဘေးသင့်မိသားစုပေါင်း ၃၁,၀၀၀ ကျော် ရှိနေပြီး အဲဒီထဲက ကော်ဒိုဘာဒေသမှာ မိသားစုပေါင်း ၂၇,၀၀၀ လောက် ရေဘေးသင့်နေရတဲ့အတွက် အဆိုးရွားဆုံး ထိခိုက်နေတဲ့ဒေသ ဖြစ်တယ်လို့ ကိုလံဘီယာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန (UNGRD) ရဲ့ ညွှန်ကြားရေးမှူး ကားလို့စ် ကာရီလ်ယိုက ပြောပါတယ်။
ဝေဟင်မှ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေအရ စိုက်ခင်းစိုက်ကွက် အမြောက်အမြား ရေနစ်မြုပ်နေတာကို တွေ့ရသလို အူရာဆည်ကနေ ဆီနူးမြစ်ထဲကို ရေလွှတ်ပေးနေရတဲ့အတွက် ရေကြီးမှုဒဏ် ပိုမိုဆိုးရွားလာနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
မွန်တယ်ရီယာမြို့ရှိ နေရပ်စွန့်ခွာသူတွေဟာ သူတို့ အရာအားလုံး ဆုံးရှုံးခဲ့ရတယ်လို့ ရေဘေးသင့်သူ အာရီယာနာ အိုလီဗာရော့စ်က ပြောကြားခဲ့ပြီး အကူအညီအဖြစ် အခြေခံအစားအစာနဲ့ ရေအနည်းငယ်ပဲ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
နောက်ထပ် ရေဘေးသင့်သူ ရာမီရို လိုပက်ဇ်က ရေမျက်နှာပြင် မြင့်တက်လာတာကြောင့် သူ့ပစ္စည်းတွေကို ဆယ်ယူသယ်ဆောင်လို့ မရနိုင်တော့ကြောင်း ပြောကြားခဲ့ပြီး နေရာပြောင်းရွှေ့ရေးအတွက် အစိုးရကို အကူအညီတောင်းခံခဲ့ရတယ်လို့ ပြောပါတယ်။
ပုံမှန်အားဖြင့် ခြောက်သွေ့ရာသီဖြစ်တဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ အခုလို မိုးသည်းထန်စွာ ရွာသွန်းရတာဟာ မြောက်ကမ္ဘာလုံးခြမ်းက လေအေးလှိုင်းတွေနဲ့ ဘရာဇီး အမေဇုန်တောကလာတဲ့ စိုထိုင်းဆတွေ ပေါင်းစပ်မိရာကနေ ဖြစ်ပေါ်လာတာလို့ အာဏာပိုင်တွေက ရှင်းလင်းပြောကြားထားပါတယ်။
Source: Reuters


