Home
နိုင်ငံတကာ
ပီရူးတွင် မိုးသည်းထန်ပြီး ရေကြီးမြေပြို
DVB
·
February 25, 2026
Photo: HBA NOTICIAS / RADIO YARAVI AREQUIPA

တောင်အမေရိကတိုက်က ပီရူးနိုင်ငံမှာ ဖေဖော်ဝါရီ ၂၃ ရက်က နိုင်ငံတဝန်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေတာကြောင့် လူနေအိမ်ရာတွေ ပျက်စီးကာ လမ်းမကြီးတွေ ပိတ်ဆို့မှုတွေနဲ့ ဒေသခံအများအပြား အဆက်အသွယ် ပြတ်တောက်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်က စတင်ကာ အာရေကီးပါးဒေသနဲ့ အိုက်ကာဒေသတွေမှာ မြေပြိုမှုတွေနဲ့ ရေလွှမ်းမိုးမှုတွေ စတင်ဖြစ်ပွားခဲ့တာပါ။

ပီရူးနိုင်ငံ ဝန်ကြီးများကောင်စီရဲ့ အဆိုအရ လက်ရှိမှာ တနိုင်ငံလုံးရှိ ခရိုင် ၇၀၀ ကျော်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာထားပြီး ခရိုင်အားလုံးရဲ့ ထက်ဝက်နီးပါး အခြေအနေလည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်က မိုးအလွန်အကျွံ ရွာသွန်းခဲ့ရာမှ မြေပြိုမှုတွေနဲ့ ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အိုက်ကာဒေသ အိုကူကာဟေးမြို့မှာ ကုန်တင်ကားတစီး တိမ်းမှောက်နေသလို အာရေကီးပါးဒေသမှာလည်း ရွှံ့နွံတွေအောက်မှာ မော်တော်ကားတွေ နစ်မြုပ်နေပြီး အိမ်အတော်များများဟာ ပြိုကျတော့မဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

တချို့နေအိမ်တွေမှာ နေထိုင်ဖို့ မသင့်လျော်တော့ကြောင်း သက်ဆိုင်ရာ အာဏာပိုင်တွေက ကြေညာထားပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီ ၁၉ ရက်ကလည်း မုန်တိုင်းတခုကြောင့် အာရေကီးပါးဒေသမှာ လူ ၂ ယောက် သေဆုံးခဲ့ပါတယ်။

ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ရိုဟဲလ် ဆန်းချက်ဇ်က ရေဘေးသင့်မိသားစုတွေရဲ့ စာရင်းကို အမြန်ဆုံးကောက်ယူဖို့ ညွှန်ကြားထားသလို လမ်းပေါ်ကအပျက်အစီးတွေကို ဖယ်ရှားပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို အရှိန်မြှင့်တင်နိုင်ဖို့အတွက် ဗဟိုအစိုးရကို လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေးနဲ့ အိုးအိမ်ဝန်ကြီးဌာနတွေမှာရှိတဲ့ စက်ယန္တရားကြီးတွေကို အမြန်ဆုံးစေလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒေသခံတွေကတော့ မိုးရွာတာ မရပ်သေးလို့ စိုးရိမ်နေကြပါတယ်။ ရာသီဥတုခန့်မှန်းချက်တွေအရ ကမ်းရိုးတန်းဒေသတွေနဲ့ အန်ဒီယန်ဒေသတွေမှာ ဖေဖော်ဝါရီ ၂၄ ရက်အထိ မိုးအသင့်အတင့်မှ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အချိန်မီ အရှိန်မြှင့်ဆောင်ရွက်ဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013