
ပီရူးနိုင်ငံတောင်ပိုင်းရှိ အာရေကီးပါးခရိုင်မှာ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားကာ အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ပြီးတော့ အနည်းဆုံး လူ ၂ ယောက် သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းဌာနတွေက ဖေဖော်ဝါရီ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
သေဆုံးသူတွေမှာ မိုးကြိုးပစ်ခံရတဲ့ အမျိုးသားတယောက်နဲ့ မြစ်ရေလျှံပြီးနောက် သေဆုံးသွားတဲ့ သက်ကြီးရွယ်အို အမျိုးသမီးတယောက် ပါဝင်ကြောင်း အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်မှ စတင်ပြီး မိုးသည်းထန်စွာ ရွာချမှုကြောင့် လူနေအိမ်တွေ ရေလွှမ်းမိုးခဲ့ပြီး ကားလမ်းတွေကိုလည်း ရွှံ့နွံတွေ ဖုံးလွှမ်းသွားကာ မော်တော်ယာဉ်တွေလည်း နစ်မြုပ်ပျက်စီးခဲ့ပါတယ်။
အာဏာပိုင်တွေက ပျက်စီးဆုံးရှုံးမှု အကဲဖြတ်မှုတွေ လုပ်ဆောင်နေချိန်မှာ ဒေသခံတွေကလည်း ဒီအခြေအနေကို ဖြေရှင်းပေးဖို့နဲ့ အရေးပေါ်အစီအမံတွေကို ညှိနှိုင်းဆောင်ရွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် လာလစ်ဘာတာ့ဒ်ဒေသရှိ ဆာယာပူလ်ယို ခရိုင်ရှိ ဘားနို့စ်ချီမူ တံတားဟာ ဖေဖော်ဝါရီ ၁၇ ရက်ညပိုင်းမှာ ပြိုကျခဲ့ပါတယ်။
ပီရူးနိုင်ငံပိုင်သတင်းဌာနရဲ့ အဆိုအရ သတ္တုတွေ သယ်ဆောင်လာတဲ့ ကုန်တင်ကားတစီး ဖြတ်ကူးနေချိန်မှာ တံတားပြိုကျသွားတာကြောင့် လက်ရှိ အဲဒီခရိုင်မှာ ပြင်ပနဲ့ အဆက်အသွယ် ပြတ်တောက်ကာ သီးခြားဖြစ်နေခဲ့ပါတယ်။
အဲဒီလို အသွားအလာပြတ်တောက်နေရတဲ့ ဒေသ ၃ ခု ရှိတယ်လို့ ကိုင်မာခရိုင်မြို့တော်ဝန် ဟွမ်န် ကားလို့စ်လီနာရက်က ပြောကြားလိုက်ပြီး အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေဟာ ရွှံ့နွံတွေ ဖယ်ရှားခြင်းနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေရကြောင်း ဒေသတာဝန်ရှိသူတွေက ပြောပါတယ်။
တချိန်တည်းမှာပဲ ပီရူးမြောက်ပိုင်း ကမ်းရိုးတန်းမြို့ ပွီရာမှာလည်း သောကြာနေ့ မနက် အစောပိုင်းအထိ မိုးရေချိန်ဟာ တရက်ကို မီလီမီတာ ၁၀၀ ကျော် ရှိနေကြောင်း အမျိုးသားမိုးလေဝသနှင့် ဇလဗေဒဝန်ဆောင်မှု (Senamhi) က ထုတ်ပြန်ထားပါတယ်။
အဲဒီဒေသမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက်လာမှုကိုလည်း ဒေသခံတွေ သတိထားနေကြရပါတယ်။
Source: Reuters


