
နိုင်ငံရေးမတည်ငြိမ်မှုတွေ ကြုံတွေ့နေရတဲ့ ပီရူးနိုင်ငံမှာ ဧပြီလ အထွေထွေရွေးကောက်ပွဲတွေ မတိုင်ခင် နိုင်ငံရဲ့ ကြားဖြတ်သမ္မတသစ်အဖြစ် လက်ဝဲယိမ်း လွှတ်တော်အမတ် ဟိုဆေး ဘာလ်ကဇာကို ဖေဖော်ဝါရီ ၁၈ ရက်မှာ ရွေးချယ်တင်မြှောက်လိုက်ပါတယ်။
အသက် ၈၃ နှစ်အရွယ်ရှိ ဟိုဆေးဘာလ်ကဇာဟာ တရုတ်စီးပွားရေးသမားတယောက်နဲ့ တရားမဝင်တွေ့ဆုံမှု အရှုပ်တော်ပုံကြောင့် ရာထူးကဖယ်ရှားခံလိုက်ရတဲ့ သမ္မတ ဟိုဆေးဟယ်ရီရဲ့ နေရာမှာ အစားထိုး တာဝန်ယူမှာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့က နာရီပေါင်းများစွာကြာ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ ဘာလ်ကဇာဟာ ပြိုင်ဘက်လွှတ်တော်အမတ် အာ့လ်ဗာကို ၆၄ မဲ - ၄၆ မဲနဲ့ အနိုင်ရရှိခဲ့ပြီးတော့ နှစ်ပေါင်းများစွာအတွင်း နိုင်ငံရဲ့ ၈ ယောက်မြောက်သမ္မတ ဖြစ်လာခဲ့ပါတယ်။
အင်ဒီးယန်းဒေသရဲ့ သမ္မတသစ်အနေနဲ့ ကျမ်းသစ္စာကျိန်ဆိုအပြီးမှာ ဘာလ်ကဇာက နိုင်ငံအတွင်း အဆိုးရွားဆုံး ဖြစ်ပေါ်နေတဲ့ ရာဇ၀တ်မှုခင်းတွေကို နှိမ်နင်းဖို့ အရေးတကြီး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန ပြင်ဆင်ပြောင်းလဲမှုတွေက စပြီး လုံခြုံရေးတုံ့ပြန်မှုကို ခိုင်မာအောင် ဆောင်ရွက်သွားမှာဖြစ်ပြီး အများပြည်သူ မလုံခြုံမှုကို ထိပ်တန်းဦးစားပေးအနေနဲ့ ကိုင်တွယ်ဖြေရှင်းသွားမှာ ဖြစ်တဲ့အတွက် အရည်အချင်းရှိတဲ့ ပြည်ထဲရေးဝန်ကြီးတယောက် လိုအပ်နေပါတယ်လို့လည်း ဘာလ်ကဇာက ပြောပါတယ်။
ပီရူးနိုင်ငံမှာ ငွေကြေးဖောင်းပွမှုနည်းပါးပြီး စီးပွားရေးတိုးတက်မှု အားကောင်းနေပေမဲ့ လူသတ်မှုနဲ့ ငွေညှစ်ခံရမှုတွေကတော့ ကြောက်စရာကောင်းလောက်အောင် မြင့်တက်နေပါတယ်။
စာရင်းဇယားတွေအရ ၂၀၁၇ ခုနှစ်မှာ လူသတ်မှု ၆၀၀ ကျော်သာ ရှိခဲ့ပေမဲ့ ၂၀၂၄ ခုနှစ်မှာတော့ ၂,၀၀၀ ကျော်အထိ ရှိလာသလို ငွေညှိတောင်းခံမှုတွေဟာလည်း ၄ နှစ်အတွင်း အကြိမ်ရေ ၂,၀၀၀ ကျော်ကနေ ၂၁,၀၀၀ ကျော်အထိ ၁၀ ဆလောက် ခုန်တက်သွားခဲ့တာပါ။
အခုတက်လာတဲ့ ယာယီအစိုးရဟာ လာမဲ့ ဧပြီ ၁၂ ရက်နေ့ ကျင်းပမဲ့ အထွေထွေရွေးကောက်ပွဲအထိ နိုင်ငံကို ဦးဆောင်သွားရမှာဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်ကတည်းက သမ္မတတွေ တယောက်ပြီးတယောက် ဆက်တိုက် တက်လိုက် ဆင်းလိုက် ဖြစ်နေရတဲ့ ပီရူးနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကြောင့် အခု ယာယီအစိုးရသစ်ကိုလည်း နိုင်ငံရေးပြိုင်ဘက်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေက အထူးစောင့်ကြည့်နေကြပါတယ်။
Source: Reuters


