Home
မြန်မာသတင်း
အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးရဲမေနှင့် အဖွဲ့အစည်း ၁၅၀ ခန့်က တရားမျှတမှုအတွက် တောင်းဆို
DVB
·
March 9, 2026

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်တပ်ရင်း ၂၀ မှာ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးရဲမေဟာ သူ့ရဲ့ တရားမျှတမှုအတွက် ကိုယ်တိုင်ဖွင့်ချတောင်းဆိုလိုက်ပြီး အမျိုးသမီးအဖွဲ့အစည်း ၁၆ ဖွဲ့ အပါအဝင် အဖွဲ့အစည်းပေါင်း ၁၅၀ လောက်ကလည်း ထိရောက်တဲ့ အရေးယူမှုနဲ့ တရားမျှတမှုအတွက် တောင်းဆိုနေကြပါတယ်။

၂၀၂၅ ခု ဒီဇင်ဘာလအတွင်းက စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ ရိုးမရာဇာတပ်ရင်းက ရဲမေတယောက်ကို တပ်ရင်းတာဝန်ရှိသူက အဓမ္မပြုကျင့်ခဲ့တဲ့ဖြစ်စဉ်ကို ကျူးလွန်ခံရသူ အမျိုးသမီးက ဖွင့်ချပြောပြပြီး တရားမျှတမှုအတွက် တောင်းဆိုခဲ့ပါတယ်။

၂၀၂၅ ဒီဇင်ဘာလထဲမှာ အဲဒီအမျိုးသမီးရဲမေဟာ တပ်ရင်းခွင့်ပြုချက်မရဘဲ ငွေကျပ် ၂၀,၀၀၀  အလှူခံတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ခရိုင်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။ ဖမ်းဆီးထားတဲ့ အတောအတွင်း ရဲမေကို တပ်ရင်းမှူးဖြစ်သူက အချုပ်ထဲက ခေါ်ထုတ်ပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ ကျူးလွန်ခံရသူ ရဲမေကို ရိုက်နှက်တာ၊ ဓားနဲ့ ခန္ဓာကိုယ်ကိုခြစ်ပြီး စာရေးသားတာတွေ ပြုလုပ်ခဲ့သလို တပ်ရင်းတာဝန်ရှိသူတွေကလည်း လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုတွေ ပြုလုပ်ခဲ့တယ်လို့ ကျူးလွန်ခံရသူကိုယ်တိုင်က ထုတ်ဖော်ပြောဆိုပါတယ်။

ဒီလို ထုတ်ဖော်ပြောဆိုခဲ့ရတဲ့အတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေလည်း လက်ရှိမှာ ခံစားနေရတယ်လို့ ကျူးလွန်ခံရတဲ့ အမျိုးသမီးရဲမေက DVB ကို ပြောပါတယ်။

“တော်တော်တော့ အားယူပြီး ပြောခဲ့ရတယ်ပေါ့နော်၊ ပုံမှန်ဆိုရင် တရားရုံးမှာဆိုရင် လူ ၁၀ ယောက်ဝန်းကျင် အလွန်ဆုံးများ အယောက် ၅၀ ပေါ့နော်။ အခုလက်ရှိဆိုရင် ဒီကိစ္စကို သိသွားတာ လူအမြောက်အမြားဆိုတော့ စိတ်အများကြီး ပင်ပန်းရတယ်ပေါ့နော်။ အခုလက်ရှိဆိုရင် စိတ်ရော မဟုတ်ဘူး၊ လူပါပင်ပန်းရတဲ့ အခြေအနေအထိပါ ရောက်သွားပါပြီ။”

အခုလို ထုတ်ဖော်ပြောကြားလိုက်တဲ့အတွက် လက်ရှိမှာတော့ ကျူးလွန်ခံရသူနဲ့ သူ့ရဲ့မိသားစုက ခြိမ်းခြောက်ခံနေရလို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကျူးလွန်ခံရသူက ဒီအမှုမှာ အဓိကပါဝင်ကျူးလွန်သူလို့ ထုတ်ဖော်ပြောကြားထားတဲ့ တပ်ရင်းမှူးကတော့ ဖြစ်ရပ်ကို ထုတ်ဖော်ပြောဆိုပြီးချိန်ထိ လူမှုကွန်ရက်ကို သုံးစွဲခဲ့သလို ခြိမ်းခြောက်စာတွေလည်း ရေးသားနေခဲ့ပါတယ်။

ကျူးလွန်ခံရသူ အမျိုးသမီးရဲမေက “ကျူးလွန်တာကတော့ တယောက်ထဲရှင့်။ ပါဝင်မှုကို ပြောမယ်ဆိုရင် ခရိုင်တခုလုံး ပါဝင်ပတ်သက်တယ်လို့ ညီမက ယူဆတယ်ရှင့်။ အဓိကက ကိုယ့်ရဲ့ အချုပ်ခန်းနေရာက လုံခြုံမှုရှိတယ်ဆိုရင် ဒီလိုပြဿနာ မဖြစ်လာဘူးရှင့်။ လုံခြုံမှုမရှိလို့သာ ညဘက်ကို တိတ်တခိုးရောက်လာပြီး ရိုက်တယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အားလုံးမှာ ပါဝင်ပတ်သက်မှုရှိတယ်လို့ ညီမက ထင်လည်းထင်တယ် မြင်လည်းမြင်တယ်ရှင့်” လို့ ပြောပါတယ်။

ကျူးလွန်ခံရတဲ့ အမျိုးသမီးရဲမေဟာ ကလေးမိခင်တယောက်ဖြစ်သလို လက်ရှိမှာလည်း စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြားကနေ သူ့အတွက် တရားမျှတမှုကို ရှာဖွေနေပါတယ်။

ကျူးလွန်ခံရသူက “တရားမမျှတဘူးလို့ပဲ ခံစားရတယ်ရှင့်။ ညီမ ခုလက်ရှိဆို တော်တော်လေး ပင်ပန်းတယ်၊ တော်တော်လေး ဒုက္ခရောက်နေတဲ့ အခြေအနေမှာ ရှိနေတယ်ရှင့်။ သူကကျတော့ အေးအေးဆေးဆေးပဲ ရှိနေတယ်ရှင့်။ ကိုယ်ကတော့ ဘာမှမဟုတ်တဲ့ လူတယောက်ဖြစ်နေလို့ သူက ဒီလောက်ကြီး ဖိတာလားပေါ့၊ အဲဒီလိုမျိုးတော့ ခံစားမိတယ်ရှင့်။ ဖမ်းဆီးထားတယ်ဆိုရင် တယောက်တည်းကိုပဲ ဖမ်းဆီးရမယ်လို့ မထင်ဘူးရှင့်။ ပါဝင်ပတ်သက်သူတွေက အများကြီးရှိတယ်လို့ ညီမက ထင်တယ်ပေါ့နော်။ ဒီကိစ္စကို ညီမဘက်က ပြတ်ပြတ်သားသား ဖြစ်စေချင်တယ်။ အများကြီးလည်း အချိန်မကြာချင်တော့ဘူး၊ ဘာလို့လဲဆိုတော့ ဒီကိစ္စကို ရှောင်နေရတာလည်း ကိုယ့်အတွက် အများကြီးခက်ခဲမှုရှိတယ်။ ကိုယ့်မှာ ကလေးလေးလည်း ပါတာဆိုတော့ ဒီကိစ္စကို အမြန်ဆုံး ထိုက်သင့်တဲ့အပြစ်ကိုလည်း ကျူးလွန်တဲ့သူကို ဖြစ်စေချင်တယ်၊ အမြန်ဆုံးလည်း အဆုံးသတ်စေချင်တယ်” လို့ ပြောပါတယ်။

တဖက်မှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ဖို့ တရားမျှတမှုရရှိဖို့ အမျိုးသမီးအရေးလှုပ်ရှားတဲ့ အဖွဲ့အစည်း ၁၆ ဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလဆီကို မတ် ၈ ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ပါတယ်။

ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ တပ်ရင်းတာဝန်ရှိသူတွေက ရဲမေတယောက်ကို မုဒိမ်းပြုကျင့်ပြီး နှိက်စက်တာ၊ လူမျိုးရေး ဘာသာရေး ခွဲခြားပြုလုပ်တာနဲ့ ကျူးလွန်ခံရသူမိသားစုကို ခြိမ်းခြောက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပြုလုပ်ခဲ့တာနဲ့ ပတ်သက်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။

စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့အချိန်မှာ အမျိုးသမီးတွေအတွက် လိင်ပိုင်းဆိုင်ရာ လုံခြုံမှုကိုတောင် မပေးနိုင်ရင် စနစ်ကို တော်လှန်ဖို့နဲ့ စစ်မှန်တဲ့ တော်လှန်ရေး ဖြစ်ဖို့အတွက် အားနည်းချက်တွေ ရှိသေးတယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

Sisters 2 Sisters အဖွဲ့ တာဝန်ရှိသူတယောက်က “အတွေးအခေါ် ခံယူချက်မမှန်တဲ့ လူတွေကလည်း မဟာဖိုဝါဒရဲ့ ဝါးမျိုမှုကို ခံလိုက်ရတဲ့ နောက်ဆက်တွဲ လက်နက်အားကိုး အင်အား အားကိုး၊ ဗလအားကိုးပြီး နှိက်စက်အနိုင်ကျင့်လိုက်မယ်ဆိုတဲ့ case တွေက လိင်ပိုင်းဆိုင်ရာမှ မဟုတ်ဘူး၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ တခြားစော်ကားမှုတွေ အများကြီး ကြုံနေရတယ်။ ဒါတွေအားလုံးကို ကျော်လွန်နိုင်တဲ့ နည်းနာတခုက ဘာလဲဆိုတော့ ဒီဖြစ်ရပ်တွေကို ဘယ်လောက်အထိ အရေးယူဆောင်ရွက်နိုင်လဲ၊ အရေးမယူခင် ဘယ်လောက်အထိ မြှင့်တင်မှုပေးထားနိုင်လဲ၊ ဒီမူဝါဒတွေကို ချမှတ်တဲ့သူတွေ ကိုယ်တိုင်ကရော ဘယ်လောက်အထိ လေးစားလိုက်နာလဲ၊ ဒါတွေက အဖြေဖြစ်လာမယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။

အမျိုးသမီးအရေး လှုပ်ရှားသူတွေအနေနဲ့ ဒီလိုကိစ္စတွေကို ထောက်ပြဝေဖန်တာ၊ အမှုမှန်ပေါ်ပေါက်အောင် အရေးယူဆောင်ရွက်ပြီး ဒီလိုကျူးလွန်မှုတွေ လျော့ပါးသွားအောင် ဆောင်ရွက်ကြရမယ်လို့ ဆိုပါတယ်။

ယင်းမာပင်ခရိုင်၊ တပ်ရင်း ၂ဝ မှာဖြစ်ခဲ့တဲ့ လိင်ပိုင်းဆိုင်အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေဟာ အလားတူဖြစ်ရပ်တွေကို ထိထိရောက်ရောက် အရေးမယူနိုင်ခဲ့တာကြောင့် ဖြစ်ပြီး အခုဖြစ်စဉ်ကို တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တရားစီရင်ရေးစနစ်အရ အမြန်ဆုံး စုံစမ်းစစ်ဆေး အရေးယူပေးဖို့ သပိတ်ကော်မတီတွေ အပါအဝင် တော်လှန်ရေးနဲ့ လူမှုအဖွဲ့အစည်း ၁၅၀ လောက်က မတ် ၉ ရက် ဒီနေ့ ထုတ်ပြန်တောင်းဆိုပါတယ်။

အမျိုးသမီးရဲဘော်တယောက်အပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ချုပ်နှောင်နှိပ်စက် ညှဉ်းပန်းမှုတွေနဲ့ ဘာသာရေးအခြေခံ ခွဲခြားဆက်ဆံ ကျူးလွန်မှု၊ ပြစ်မှုကျူးလွန်သူတွေ ကင်းလွတ်နေမှုတွေနဲ့ လူမှုတရားမျှတမှု ကင်းမဲ့နေတာတွေအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဆိုပါတယ်။

နစ်နာသူ အမျိုးသမီးရဲဘော်ဟာ တပ်ရင်းတာဝန်ရှိသူတွေရဲ့ မတရားဖမ်းဆီးတာ၊ ကျေးရွာလူထုရှေ့မှာ ကိုယ်ထိလက်ရောက် ရိုက်နှက်တာ၊ အချုပ်ခန်းတွင်း တပ်တွင်း ညှဉ်းပန်းနှိပ်စက်တာတွေအပြင် မုဒိမ်းကျင့်တာကိုလည်း ခံခဲ့ရတာပါ။

အခုလို တော်လှန်ရေးကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်သား အချင်းချင်းအပေါ် အာဏာအလွဲသုံးစားလုပ် ကျူးလွန်တာဟာ တော်လှန်ရေးရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတာ ဖြစ်သလို တရားဥပဒေစိုးမိုးရေးကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်တာလို့ အဖွဲ့အစည်းတွေက ဆိုပါတယ်။

ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၂ဝ အပါအဝင် သက်ဆိုင်ရာ အစုအဖွဲ့တွေအနေနဲ့ တပ်ရင်းမှူး ရန်ရှင်းအောင်၊ မုဒိမ်းမှု ကျူးလွန်သူ အပါအဝင် တခြားကျူးလွန်သူတွေ၊ ပါဝင်ပတ်သက်သူတွေ အားလုံးကို တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တရားစီရင်ရေးစနစ်အရ အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး အရေးယူပေးဖို့၊ လိုအပ်ရင် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့/ကော်မရှင်ကတဆင့် စုံစမ်းဖို့ သူတို့က တောင်းဆိုပါတယ်။

ဒီလိုဖြစ်နေရတာဟာ အလားတူဖြစ်ရပ်တွေကို ထိထိရောက်ရောက် အရေးမယူနိုင်ခဲ့တာကြောင့် ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ တော်လှန်ရေးကာလ ၅ နှစ်အတွင်း ကျူးလွန်ခံခဲ့ရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် တရားမျှတမှု၊ အရေးယူမှု အမြန်ဆုံး ဖော်ဆောင်ပေးဖို့လည်း တိုက်တွန်းပါတယ်။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတားဆီးရေး မူဝါဒတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေ အတွင်း ဘယ်ဘာသာဝင်၊ ဘယ်လူမျိုးကိုမဆို ခွဲခြားမဆက်ဆံဖို့ မူဝါဒတွေကို လက်တွေ့ကျကျ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ တောင်းဆိုကြပါတယ်။

ဒါ့အပြင် နစ်နာသူအမျိုးသမီး၊ သူ့ရဲ့ အမျိုးသားနဲ့ သမီးငယ်လေးတို့ကို တပ်ရင်းရဲ့ ဖိအားပေးမှုတွေကနေ ကင်းလွတ်တဲ့ ဘေးကင်းရာနေရာကို အမြန်ဆုံး  ရွှေ့ပြောင်း စောင့်ရှောက်ပေးဖို့လည်း တောင်းဆိုပါတယ်။

တော်လှန်ရေးဟာ မတရားမှုကို တိုက်ဖျက်ဖို့ ဖြစ်တာကြောင့် အဖွဲ့အစည်းထဲက မတရားမှုတွေကိုလည်း မျက်ကွယ်မပြုဘဲ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းမှ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို ဆက်လက်ထိန်းသိမ်းနိုင်မှာဖြစ်သလို အခုဖြစ်ရပ်အတွင်း လွတ်မြောက်ရေးအတွက် အားလုံးပါဝင်ရေးနဲ့ ခွဲခြားဆက်ဆံမှုကင်းရေးတို့ဟာ တော်လှန်ရေးရဲ့ ပန်းတိုင် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူ တုံ့ပြန် ဆောင်ရွက်မှုတွေ လုပ်ဆောင်တာ မတွေ့ရသေးပါဘူး။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့ ၅ နှစ်တာကာလအတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၁,၀၀၀ နီးပါးအထိ ရှိလာနေပြီဖြစ်ပြီး ဒီထဲမှာ တော်လှန်ရေးတပ်တွေရဲ့ ကျူးလွန်မှုတွေလည်း ပါဝင်နေတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB က စစ်အာဏာသိမ်း ၅ နှစ်ပြည့်မှာ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013