
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ က အမျိုးသမီးရဲဘော်တယောက်ကို ဖမ်းဆီးချုပ်နှောင်ကာ အဓမ္မပြုကျင့်ပြီး ရိုက်နှက်ခဲ့တယ်ဆိုတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပြင်းထန်စွာ ရှုတ်ချကြောင်းနဲ့ ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ အမျိုးသမီးအဖွဲ့အစည်းတွေက မတ် ၇ ရက်မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ကျူးလွန်ခံရသူမှာ တပ်ရင်းက အမျိုးသမီးရဲဘော်တယောက် ဖြစ်သလို ၃ နှစ်အရွယ် ကလေးမိခင်တယောက်လည်း ဖြစ်တယ်လို့ ဒီဖြစ်ရပ်ကို သိရှိသူတွေနဲ့ တောင်းဆိုတဲ့ အမျိုးသမီးအဖွဲ့တွေက ထုတ်ပြန်ပြောပါတယ်။
အဆိုပါအမျိုးသမီးရဲဘော်ကို ပြင်းထန်စွာ ရိုက်နှက်ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်းနဲ့ ဒီဖြစ်ရပ်ကို အရေးယူဖြေရှင်းမပေးဘဲ “အလိုတူအလိုပါ” ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျူးလွန်ခံရသူဟာ အစ္စလာမ်ဘာသာဝင် ဖြစ်တာကြောင့် လူမျိုးရေးခွဲခြားတဲ့ စကားတွေနဲ့ စော်ကားမှုတွေကိုလည်း ရင်ဆိုင်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီဖြစ်ရပ်တွေအပေါ် ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ (ဗမသ)၊ မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - အမျိုးသမီးကော်မတီ၊ ယောလူထုတိုက်ပွဲကော်မတီ၊ CDM ပညာရေးဝန်ထမ်းများသမဂ္ဂ အပါအဝင် တခြားသော အဖွဲ့အစည်းတွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ ဘယ်လိုအခြေအနေမှာမဆို ခွင့်လွှတ်လို့ မရနိုင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ကြောင်း ထောက်ပြပြောဆို ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက ချက်ချင်း စုံစမ်းစစ်ဆေးဖို့၊ ကျူးလွန်သူတွေကို တာဝန်ယူမှုရှိစေဖို့နဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့၊ ကျူးလွန်ခံရသူအပေါ် ဖြစ်ပွားခဲ့တဲ့ ထိခိုက်နစ်နာမှုတွေကို အများပြည်သူရှေ့မှာ အသိအမှတ်ပြုဖို့ တောင်းဆိုထားကြပါတယ်။
ဒါ့အပြင် တော်လှန်ရေးအဖွဲ့အစည်းများအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ မဖြစ်ပွားစေဖို့ ကာကွယ်ရေးနဲ့ တာဝန်ခံမှုစနစ်တွေ တည်ဆောက်ကြဖို့ကိုလည်း အလေးအနက် တိုက်တွန်းကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ ရဲ့ တာဝန်ရှိသူတွေကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။


