Home
မြန်မာသတင်း
ဆောမြို့၌ ၁၃ နှစ်အရွယ် ကျောင်းသူအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် PDF ရဲဘော်ကို သေဒဏ်ပေးရန် တောင်းဆို
DVB
·
October 28, 2025

မကွေးတိုင်း၊ ဆောမြို့မှာ အောက်တိုဘာ ၂၁ ရက်က အသက် ၁၃ နှစ်အရွယ် ကျောင်းသူတယောက်ကို PDF ရဲဘော်တယောက်က အဓမ္မပြုကျင့် သတ်ဖြတ် အလောင်းဖျောက်ခဲ့တဲ့ အမှုမှာ ကျူးလွန်သူကို သေဒဏ်ပေးဖို့ လိုလားနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတယောက်က “အခင်းဖြစ်တဲ့နေ့က ၂၁ ရက်နေ့က ဖြစ်တာ။ ၃၊ ၄ ရက်လောက်ကြာမှ အပုပ်နံ့ထွက်လာလို့ ပတ်ဝန်းကျင်ကလူတွေ ရှာကြရင်း ၂၅ ရက်နေ့မှာ အလောင်းတွေ့ရတာ။ ဖြစ်စဥ်ဖြစ်တဲ့နေရာက ဆောမြို့ပေါ် ပြည်သူ့ဆေးရုံထဲက လူမနေတဲ့ ဝန်ထမ်းအိမ်ရာ လိုင်းခန်းမှာပါ။ ကလေးမလေးက ၁၃ နှစ်ရှိတဲ့ ကျောင်းသူ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အဆိုပါ ကျောင်းသူမလေးကို အဓမ္မပြုကျင့် လူသတ် အလောင်းဖျောက်ခဲ့သူဟာ ဂန့်ဂေါခရိုင် PDF တပ်ရင်းတခုက တပ်ဖွဲ့ဝင် ရဲဘော်တယောက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “ကျနော်တို့ဆီ ဝင်လာတဲ့ သတင်းတွေအရ ပြောပြရရင် အဲဒီကျောင်းသူလေးက ဂန့်ဂေါမြို့ပေါ်က သီရိရတနာရပ်ကွက်မှာ နေတယ်။ PDF ရဲဘော်ကလည်း မြို့ပေါ်ကပဲ၊ သူတို့ မိသားစုတွေချင်းလည်း ရင်းနှီးကြတယ်။ အဲဒီရဲဘော်ကတော့ အသက် ၂၀ ကျော်အရွယ် မင်းမင်းစိုး တဲ့။ သူ့ကိုတော့ တာဝန်ရှိသူတွေဘက်က ဖမ်းဆီးမိထားပြီး စစ်ဆေးနေတယ်။ သူကိုယ်တိုင်လည်း အဲဒီဖြစ်စဥ်အတွက် ဝန်ခံထားတယ်။ နောက်ပြီးတော့လည်း အဲဒီရဲဘော်က အခုလိုဖြစ်စဥ်မျိုး အရင်ကလည်း ကျူးလွန်ထားခဲ့ဖူးတယ်လို့လည်း သိရတယ်” လို့ ပြောပါတယ်။

အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး ဂန့်ဂေါခရိုင် PDF တပ်ရင်းတွေဘက်က သတင်းတစုံတရာ ထုတ်ပြန်လာတာ မရှိသေးတဲ့အပြင် ဆောမြို့နယ်ပကဖ တာဝန်ခံနဲ့ ဆောမြို့နယ်ထဲက တော်လှန်ရေးအဖွဲ့တွေဆီကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလိုင်းအခက်အခဲ​ကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အဲဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ဆောမြို့ပေါ်က ဒေသခံတွေ စုပေါင်းကာ ပြစ်မှုကျူးလွန်ခဲ့သူကို ပြည်သူတွေရှေ့မှာ ချက်ချင်းသေဒဏ်ပေးဖို့ အောက်တိုဘာ ၂၆ ရက်မှာ မြို့ပေါ် လှည့်လည် ဆန္ဒပြ ​တောင်းဆိုခဲ့ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013