Home
မြန်မာသတင်း
နေပြည်တော်တွင် အိုးဝေမောင်းသူ ၁ ဦး သတ်ဖြတ်လုယက်ခံရ
DVB
·
October 15, 2025

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက် Top Star ဆီဆိုင်ရှေ့မှာ အောက်တိုဘာ ၁၃ ရက် ညပိုင်းက အိုးဝေမောင်းသူတယောက်ကို အမျိုးသား ၃ ယောက်က သတ်ပြီး ဖုန်းနဲ့ ပိုက်ဆံအိတ် လုသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ခရီးသည်သွားပို့ပြီးအပြန် Top Star ဆီဆိုင်ရှေ့မှာ အသိမိတ်ဆွေတယောက်နဲ့ ရပ်ပြီး စကားပြောနေစဥ် အမည်မသိ အမျိုးသား ၃ ယောက်က ဓားနဲ့ထိုးကာ ဖုန်းနဲ့ ပိုက်ဆံအိတ် လုသွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။

“ဥတ္တရသီရိဘက်က အိုးဝေမောင်းတဲ့သူ သတ်ပြီး ဖုန်းနဲ့ ပိုက်ဆံအိတ် လုသွားတာ။ ဇမ္ဗူသီရိမှာ လူသတ် လုယက်မှုဖြစ်တာ တလ တခါလို ပုံမှန်ဖြစ်နေပြီ။ မတ်လကတည်းက ဖြစ်နေတာ အခုချိန်ထိပဲ။ ဇမ္ဗူသီရိမှာ မဖြစ်ရင် ပုဗ္ဗသီရိတို့ ဥတ္တရသီရိတို့မှာ လုယက်သတ်ဖြတ်ပြီး တရားခံတွေကို ဇမ္ဗူသီရိမှာမိတယ်။ လုံခြုံတယ်ဆိုတာ ဘယ်နေရာမှမရှိဘူး၊ သွားသတိ လာသတိနဲ့ နေစေချင်တယ်။”

လုယက်သတ်ဖြတ်ခံရသူမှာ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ သစ္စာ ၃၀ လမ်းနေ အိုးဝေယာဥ်မောင်းနှင်သူ ကိုအောင်အောင် ဖြစ်ပြီး ပြစ်မှုကျူးလွန်သူ ၃ ယောက်ကို မမိသေးဘူးလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

“ဇမ္ဗူသီရိမှာ မေလကစပြီး အခု လူသတ် လုယက်မှုဖြစ်တာ ၆ မှုရှိတယ်။ အဲဒီထဲက ၃ မှုမိတယ်။ ကျန်တဲ့ ၃ မှုက မမိသေးဘူး။ လူသတ် လုယက်မှုတိုင်းမှာ ၃ ယောက် ၄ ယောက် ပါတယ်။ အုပ်စုဖွဲ့လုတာ။ အခု လုယက်မှုဖြစ်စဥ်က ၇ ကြိမ်မြောက်ပါ။”

မေ ၂၀ ရက်က ဇမ္ဗူသီရိမြို့နယ် Junction စင်တာ နောက်ကြောလမ်း အဆင့်မြင့်ဈေးနားမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတယောက်ကို အမျိုးသားတစုက ရိုက်နှက် ဓားနဲ့ထိုးသတ်ကာ ဆိုင်ကယ်ယူသွားခဲ့ပါတယ်။

ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်မှာ ဇွန ၃၀ ရက်က အမျိုးသမီးတယောက်ကို အမျိုးသား ၄ ယောက်က ဓားနဲ့ထိုးသတ်ပြီး ဖုန်းနဲ့ ငွေသိန်း ၂၀ လုယက်ခဲ့တဲ့အမှုကို အခုထိ မမိသေးပါဘူး။

ဇူလိုင် ၃၀ ရက်ကလည်း ဇမ္ဗူသီရိမြို့နယ်မှာ အမျိုးသားတယောက်ကို ငွေကျပ် ၂၅ သိန်းယူကာ သတ်ပေးခဲ့တဲ့ တောင်ဒဂုံမြို့နယ်က ကြေးစားလူသတ်သမား ၃ ယောက်ကိုတော့ စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းမိခဲ့ပါတယ်။

သြဂုတ် ၂၁ ရက်ကလည်း ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက် သဗ္ဗမင်္ဂလသိဒ္ဓိ ဘုရားကုန်းပေါ်မှာ အသက် ၆၃ နှစ်အရွယ် အမျိုးသားကို သတ်ဖြတ်လုယက်သူတွေလည်း ဖမ်းမိပြီး စစ်ဆေးနေပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁ ရက်ကလည်း ဥတ္တသီရိမြို့နယ်၊ ဇလောင်းကျေးရွာက အမျိုးသမီးကို မုဒိမ်းကျင့်ပြီး လုယက်သတ်ဖြတ်ခဲ့သူ ၂ ယောက်ကို ဇမ္ဗူသီရိမြို့နယ် ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ ဖမ်းမိခဲ့ပါတယ်။

ပြီးခဲ့တဲ့လက နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်နဲ့ ဇေယျာသီရိမြို့နယ်မှာ လူသတ်ပြီး ပစ္စည်းလုတဲ့သူတွေကို ခရိုင်တရားရုံးတွေက သေဒဏ်အမိန့်တွေ ချမှတ်ခဲ့ပေမဲ့ လုယက်မှုတွေက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013