
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်ကျေးရွာမှာ အောက်တိုဘာ ၁၃ ရက် ဒီနေ့မနက်ပိုင်းက အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတယောက် ဆွဲကြိုးချ သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သူ့ရဲ့ခင်ပွန်းဖြစ်သူ အလုပ်သွားဖို့ အိပ်ရာထခဲ့ရာက နေအိမ်အပေါ်ထပ် အရှေ့ခန်း အမိုးထုပ်တန်း အမြင့် ၇ ပေခန့်မှာ သေဆုံးနေတာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်ကျေးရွာမှာ နေထိုင်သူတယောက်က “စီးပွားရေးအဆင်မပြေမှုတွေနဲ့ ငွေကြေးပြဿနာတွေကြောင့် အခုလို လုပ်သွားတယ်လို့ ကြားတယ်။ အခုခေတ်စားနေတဲ့ ကျွဲဂိမ်းတွေဆော့တာ အရမ်းပဲ” လို့ ပြောပါတယ်။
သေဆုံးသူအမျိုးသမီးရဲ့ ရုပ်အလောင်းကို စေတနာ နာရေးကူညီမှုအသင်းယာဉ်နဲ့ ဇေယျာသီရိမြို့နယ်၊ ခုတင် ၅၀ ပြည်သူ့ဆေးရုံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသားတယောက်ဟာ ငွေရေးကြေးရေး ပြဿနာကြောင့် ဆွဲကြိုးချ သေဆုံးခဲ့သလို အောက်တိုဘာ ၂ ရက်ကလည်း နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့မှာ အဘွားအိုတယောက်ဟာ အကြွေးတွေမဆပ်နိုင်တော့လို့ဆိုပြီး သေတမ်းစာရေးထားခဲ့ကာ ရေထဲခုန်ချ အဆုံးစီရင်ခဲ့ပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၈ ရက်၊ ညနေပိုင်းကလည်း မကွေးမြို့ရှိ နေအိမ်အတွင်း အမျိုးသားတယောက် ဆွဲကြိုးချ သေဆုံးနေသလို ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်မှာ အသက် ၇၄ နှစ်အရွယ် အဘိုးအိုတယောက် နေအိမ် ရေချိုးခန်းအတွင်း ဆွဲကြိုးချ သေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့နှစ်တွေနဲ့ နှိုင်းယှဉ်ပါက အခု ၂၀၂၅ ခုနှစ်အတွင်းမှာ မိမိကိုယ်ကိုယ် အဆုံးစီရင်မှုတွေ ပိုပြီး အဖြစ်များလာတယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။