
ရန်ကုန်၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ မြလေးရုံလမ်းမှာ အသက် ၇၄ နှစ်အရွယ် အဘိုးအိုတယောက် ရေချိုးခန်းအတွင်း ဆွဲကြိုးချသေဆုံးမှု ဒီနေ့ အောက်တိုဘာ ၈ ရက်မှာ ဖြစ်ပွားခဲ့တယ်လို့ အဆိုပါရပ်ကွက်မှာ နေထိုင်သူတွေထံကနေ သိရပါတယ်။
ဆွဲကြိုးချသေဆုံးနေတဲ့ အဘိုးအိုမှာ အသက် ၇၄ နှစ်အရွယ် ဦးဇော်ဝင်း ဖြစ်ပြီး သူ့ရဲ့ အလောင်းကို တွေ့ရှိချိန်မှာ ဝတ်ဆင်ထားတဲ့ အင်္ကျီအိတ်ကပ်အတွင်းမှ စာတစောင် တွေ့ရှိခဲ့ရကြောင်းလည်း သိရပါတယ်။
မေတ္တာညွန့်ရပ်ကွက်မှာ နေထိုင်သူတယောက်က “မြလေးရုံလမ်းထဲမှာ လူတယောက် ဆွဲကြိုးချ သတ်သေတယ်လို့ သိရတယ်။ အသက်တော့ ကြီးနေပါပြီ။ တယောက်တည်း နေတာလား ဆိုတာတော့ သေချာမသိဘူး” လို့ ပြောပါတယ်။
မေတ္တာညွန့် လူမှုကယ်ဆယ်ရေးအဖွဲ့အနေနဲ့ ဆွဲကြိုးချမှုဖြစ်ပွားတဲ့ သတင်းရရှိလို့ အခင်းဖြစ်နေရာကို သွားရောက်ခဲ့ပေမဲ့ သေဆုံးနေပြီဖြစ်ပြီး သက်ဆိုင်ရာကို အကြောင်းကြားပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီနောက် ရုပ်အလောင်းကို မေတ္တာမျှဝေ ပရဟိတနာရေးယာဉ်နဲ့ သင်္ဃန်းကျွန်းစံပြဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း နေပြည်တော်မှာ အကြွေးမဆပ်နိုင်လို့ အဘွားအိုတယောက် မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပါတယ်။