
မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဒ် ဟာဆန်ဟာ အောက်တိုဘာ ၉ ရက် ဒီကနေ့မနက်က မြန်မာနိုင်ငံ၊ နေပြည်တော်ကို လေကြောင်းနဲ့ ထွက်ခွာသွားတယ်လို့ မလေးရှားအစိုးရက သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးရဲ့ ၁ ရက်ကြာ နေပြည်တော် ခရီးစဉ်အတွင်းမှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် စစ်ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးညိုစော၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ စစ်ခေါင်းဆောင်တဲ့ တွေ့ဆုံတဲ့အခါမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အကောင်အထည်ဖော်ရေး၊ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲရေး၊ လူသားချင်းစာနာမှု အကူအညီတွေအတားအဆီးမရှိ ဝင်ရောက်ခွင့်ပြုရေးနဲ့ မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲကျင်းပရေးတို့ကို တိုက်တွန်းဆွေးနွေးသွားမှာဖြစ်ပြီး မြန်မာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးဖွယ်ရှိနေပါတယ်။
ဒီခရီးစဉ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ကျင်းပခဲ့တဲ့ ၅၈ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဆုံးဖြတ်ချက်အရသွားရောက်တာဖြစ်ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တန်ဆရီအော့သ်မန်ဟာရှင်လည်း လိုက်သွားတယ်လို့ သိရပါတယ်။
လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ လမ်းကြောင်းတခု ဖော်ဆောင်ဖို့ အတွက် စစ်ကောင်စီကိုရော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲထက် အကြမ်းဖက်မှုတွေ ရပ်တန့်ရေး ဦးစားပေးလုပ်ဆောင်ဖို့ မလေးရှားက တိုက်တွန်းထားပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဒ် ဟာဆန်ဦးဆောင်ပြီး ထိုင်း၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ လိုက်ပါဖို့ စီစဉ်ထားတဲ့ အာဆီယံကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်က မြန်မာနိုင်ငံသွားရောက်ဖို့ စီစဉ်ခဲ့ပြီးကာမှာ ရွှေ့ဆိုင်းခဲ့ရပါတယ်။