
ရန်ကုန်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ အမှတ် ၁၅ ရပ်ကွက်၊ ဝန်ထမ်းကြီးအိမ်ရာ ကမ်းပတ်လမ်းမှာ အမျိုးသမီးတယောက်ကို ဓားနဲ့ထိုးသတ်ပြီး ရွှေထည်ပစ္စည်းနဲ့ ဖုန်းလုခဲ့သူကို စစ်ကောင်စီလက်အောက်ခံ ရဲတွေက အောက်တိုဘာ ၂၂ ရက် ညနေက ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ နေ့လယ် ၂ နာရီခွဲက အမှတ် ၁၅ ရပ်ကွက်၊ ဝန်ထမ်းကြီးအိမ်ရာ ကမ်းပတ်လမ်းမှာ ပုပ်ပွနေတဲ့ အမျိုးသမီးတယောက် ရုပ်အလောင်းကို တွေ့ရှိရာက CCTV မှတ်တမ်းတွေကို စစ်ဆေးရင်း ရဲတွေက ပြစ်မှုကျူးလွန်သူကို ဖမ်းမိခဲ့တာလို့ ၁၅ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။
“လုယက် သတ်ပြီး လွှင့်ပစ်ထားတာ၊ ၂ ရက် ၃ ရက်လောက် ရှိပြီထင်တယ်။ အလောင်းက ပုပ်ပွနေပြီ။ အုပ်ချုပ်ရေးနဲ့ ရဲတွေက CCTV မှတ်တမ်းတွေနဲ့ လိုက်တာ။ ညနေမှာ သတ်တဲ့သူ ရွှေလင်ဗန်းဘက်မှာ မိသွားတယ်။ အသတ်ခံရတဲ့ အမျိုးသမီးကလည်း ရွှေလင်ဗန်းကပဲ။”
သေဆုံးသူမှာ ရွှေလင်ဗန်းကျေးရွာ ရွှေသဇင်လမ်းမှာ နေထိုင်သူဖြစ်ပြီး နေအိမ်ကနေ ပျောက်ဆုံးနေတာ ၄ ရက်ခန့်ရှိပြီး ရဲစခန်းမှာ လူပျောက်တိုင်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“အသတ်ခံရတဲ့ အမျိုးသမီးက အသက် ၄၀ ရှိမယ်။ ဘိုကလေးမှာနေတာ။ ရန်ကုန်ကို အလည်လာရင်း ရွှေလင်ဗန်းမှာ တည်းနေတာ။ အောက်တိုဘာလ ၁၈ ရက်က ပျောက်သွားလို့ဆိုပြီး စခန်းမှာ လူပျောက်တိုင်ထားတယ်။ ပြန်တွေ့တော့ လုယက် သတ်ဖြတ်ထားတဲ့ပုံစံနဲ့ ပြန်တွေ့တယ်။ ဓားနဲ့ထိုးသတ်ပြီး နားကပ်ရယ်၊ လက်စွပ်ရယ်၊ ဖုန်းရယ် ယူသွားပြီး ရေမြောင်းထဲ ကန်ချထားတာ။”
မနေ့ ညနေပိုင်းက CCTV မှတ်တမ်းတွေအရ ပြစ်မှုကျူးလွန်သူ ဇော်ဦးကို ရွှေလင်ဗန်းကျေးရွာ ရွှေစံပယ်လမ်းမှာ ဖမ်းမိခဲ့တယ်လို့ သူက ပြောပါတယ်။
လတ်တလောမှာ ပြစ်မှုကျူးလွန်သူ ဇော်ဦးကို လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ရဲစခန်းက (ပ)၄၂/၂၀၂၅ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။




