
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ မသန်စွမ်း အမျိုးသမီး တယောက်ကို စစ်ကောင်စီတပ် လက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်သား တယောက်က အဓမ္မပြုကျင့်ခဲ့မှုနဲ့ ပတ်သက်ပြီး အရေးယူပေးဖို့ မိသားစုနဲ့ ဒေသခံတွေက တောင်းဆိုပါတယ်။
အောက်တိုဘာ ၃၀ ရက် ညပိုင်းက ဗန်းမောက်မြို့နယ်၊ အလယ်ရွာရှိ သီလရှင်ကျောင်းတခုမှာ မိခင်ဖြစ်သူနဲ့အတူ နေထိုင်နေထိုင်တဲ့ ပိုလီယိုရောဂါကြောင့် ကိုယ်လက်မသန်စွမ်းတဲ့ အမျိုးသမီးတယောက်ကို SNA တပ်သား ၂ ယောက်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် တယောက်က အဓမ္မပြုကျင့်ခဲ့တာပါ။
အလယ်ရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ရွာခံတွေ စစ်ဘေးတိမ်းရှောင်နေကြရပြီး ကျူးလွန်ခံရတဲ့ အမျိုးသမီးက ကျန်းမာရေးမကောင်းတဲ့အတွက် စစ်ဘေးမရှောင်နိုင်ဘဲ မိခင်ဖြစ်သူနဲ့ ရွာက သီလရှင်ကျောင်းမှာ ခိုလှုံနေတာ ဖြစ်ပါတယ်။
ဒေသခံတယောက်က “သူတို့မိသားစုက သူ့သမီး မပြေးနိုင်မလွှားနိုင်တဲ့အခါကျတော့ သူများတွေ စစ်ရှောင်သလို မရှောင်နိုင်ဘဲ မယ်သီလရှင်ကျောင်းမှာ သွားနေတာ။ ည ၉ နာရီအချိန်မှာ သူ့သမီးကို ခေါ်သွားတယ် အတင်းအဓမ္မနဲ့။ အဲဒါကို သူ့အမေက မခေါ်သွားပါနဲ့၊ ငါ့သမီးက တက်တာတို့ ဘာတို့လည်း ဖြစ်တတ်တယ်၊ ကျန်းမာရေးလည်းမကောင်းဘူး၊ မခေါ်သွားနဲ့ ဆိုပြီး တောင်းပန်တယ်ပေါ့လေ။ တောင်းပန်တာကို မရဘဲ လက်မောင်းကြီးကို အတင်းဆွဲပြီးတော့ တအိမ်ခြားအိမ်ကို ခေါ်ပြီးတော့ သူတို့က မျက်နှာကို အဝတ်စတွေနဲ့စည်းပြီးတော့ တယောက်က လုပ်ကြံတယ်ပေါ့လေ၊ အဲဒါ SNA ရဲဘော်မှန်း သေချာတယ်”လို့ ပြောပါတယ်။
ကျူးလွန်ခံရတဲ့ အမျိုးသမီးဟာ ဗန်းမောက်မြို့နယ် အလယ်ရွာမှာနေထိုင်တဲ့ ကဒူးလူမျိုးဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် မသန်စွမ်းအမျိုးသမီးတယောက်လည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကျူးလွန်ခံရသူ၊ သူ့ရဲ့မိခင်ဖြစ်သူနဲ့ သူတို့နဲ့ အတူနေခဲ့တဲ့ သီလရှင်ကို ရွာကျောင်းဆရာတော်က ခေါ်ယူစောင့်ရှောက်ထားပါတယ်။
ကျူးလွန်ခံရသူရဲ့မိခင်က “ရွာမှာလည်း လူမကျန်တော့ပါဘူး၊ ကျောင်းစောင့်ပဲ ကျန်ပါတော့တယ်။ ကျမတို့က သူ လမ်းမလျှောက်နိုင်လို့ ရွာမှာ နေရစ်ခဲ့ပြီး မယ်သီလကျောင်းမှာ တည်းခိုပြီး နေနေကြတာပါ။ သူတို့ကိုတော့ စိတ်နာတယ်။ ကျမ သမီး မိန်းကလေးဖြစ်ရတဲ့အထဲ၊ ရောဂါဝင်နေရတဲ့အထဲ ဘယ်လို ပြောပြလည်းမရ၊ နားလည်းမထောင်၊ အတင်းကြီး ခြိမ်းခြောက်ပြီး အခုလို လုပ်ကြံစော်ကားတာကို စိတ်နာတယ်။ ဘယ်တော့မှ မကျေနပ်နိုင်ဘူး”လို့ ပြောပါတယ်။
အဓမ္မပြုကျင့်ခဲ့တာနဲ့ ပက်သက်လို့ အမှုမှန် ပေါ်ပေါက်အောင် ဝိုင်းဝန်းကြိုးစားပေးဖို့ ဒေသခံတွေက တောင်းဆိုနေပါတယ်။
အလယ်ရွာဟာ ဗန်းမောက်မြို့ပြင်ဘက်က ဖြစ်ပြီး မူလက တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားပေမဲ့ စက်တင်ဘာလနှောင်းပိုင်းမှာ စစ်တပ်နဲ့ ရှမ်နီပူးပေါင်းတပ်တွေ ပြန်ပြီး ထိုးစစ်ဆင်လာလို့ ဆုတ်ပေးခဲ့ရပါတယ်။




