Home
မြန်မာသတင်း
စစ်တပ်နှင့် ရှမ်းနီတပ် ပစ်ခတ်မှုကြောင့် ဗန်းမောက်ရှိ ဌာနဆိုင်ရာ အဆောက်အအုံများ မီးလောင်
DVB
·
October 30, 2025

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို စစ်တပ်နဲ့ ရှမ်းနီ ပူးပေါင်းတပ်တွေက လက်နက်ကြီးနဲ့ပစ်နေလို့ မြို့ထဲမှာ အစိုးရရုံးတချို့ မီးလောင်နေပြီး လေကြောင်းကနေလည်း တိုက်ခိုက်နေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေဟာ စစ်ကိုင်းတိုင်းထဲက ဗန်းမောက်မြို့ကို သိမ်းယူနိုင်ခဲ့ပြီး မြို့ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီ ပူးပေါင်းတပ်တွေဟာ မြို့ရဲ့ အနောက်ဘက် မိုင် ၂၀ အကွာထိ တပ်ဆုတ်သွားခဲ့ရပါတယ်။

ဆုတ်သွားတဲ့ ရှမ်းနီပူးပေါင်းတပ်တွေဟာ ဒီအပတ်ထဲမှာ တပ်မ ၃၃ အကူအညီနဲ့ လက်ရှိ ဗန်းမောက်မြို့ အနောက်ဘက် နားယကာရွာအထိ ပြန်ရောက်လာတာဖြစ်ပြီး အဲဒီကနေ မြို့ထဲကို လက်နက်ကြီးနဲ့ ဒီရက်ပိုင်း ပစ်နေတဲ့အတွက် မြို့ထဲက အစိုးရရုံးတွေနဲ့ မြို့မရဲစခန်း မီးလောင်နေတာ ဖြစ်တယ်လို့ ဗန်းမောက်မြို့ခံတွေက DVB ကို ပြောပါတယ်။

ဗန်းမောက်မြို့ခံတယောက်က “အရင်တုန်းက နားယကာတို့ စက်တောတို့ဆိုတာ ကိုယ့်ဘက်က စိုးမိုးထားတဲ့ ရထားတဲ့ နေရာတွေ။ အခုကျတော့ သူတို့ဘက်က အင်အားအလုံးအရင်းနဲ့ ဝင်ထိုးလာတယ်ဆိုတော့ ကိုယ့်ဘက်က ပြန်ဆုတ်လိုက်ရတာပေါ့။ အခုလောလောဆယ်တော့ သူတို့က နားယကာအထိ ရောက်လာတယ်၊ ဗန်းမောက်မြို့ထဲအထိတော့ မရောက်လာသေးဘူးပေါ့။ အဲဒီ နားယကာကနေ လက်နက်ကြီးနဲ့ လှမ်းထုနေတဲ့အဆင့်ပဲ ရှိသေးတယ်” လို့ ပြောပါတယ်။

ဗန်းမောက်မြို့ထဲက သစ်တောရုံးနဲ့ မြို့မရဲစခန်း မီးလောင်နေတဲ့ အပေါ်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ PDF တွေ အပြန်အလှန် စွပ်စွဲနေကြပြီး မြို့ခံတွေရဲ့ ပြောပြချက်အရ ဆိုရင်တော့ နားယကာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီ ပူးပေါင်းတပ်တွေ ပစ်လိုက်တဲ့ ၁၂၀ မမ လက်နက်ကြီးဗုံးသီးကြောင့် မီးလောင်နေတာဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်မှာလည်း နားယကာရွာ အစွန်ရှိ စျေးဆိုင်တန်းနဲ့ လူနေအိမ် ၂၀ ကျော်ကို စစ်ကောင်စီတပ်နဲ့ SNA တပ်တွေ မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းမှာတော့ ဗန်းမောက်ကို Y-12 လေယာဉ်နဲ့ ဗုံးအလုံး ၂၀ ကျော် ကြဲချခဲ့ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ ကသာခရိုင် အမှတ် ၄ တပ်ရင်းက DVB ကို အတည်ပြုပါတယ်။

မြို့ခံတယောက်က “နေအိမ်အပျက်အစီး အတိအကျတော့ မသိရဘူး။ ဘေးပတ်ပတ်လည် ဝန်းကျင်ကို ကြဲတာဆိုတော့ အိမ်ပျက်စီးတာတွေတော့ ရှိတယ်။ နောက်ပြီး ဗန်းမောက်မြို့ထဲက နေအိမ်တွေ လက်နက်ကြီးမှန်တာတွေ ရှိတယ်။ မီးလောင်တာတော့ ရဲခစန်း အချုပ်ဆောင်တွေ မီးလောင်တာ ရှိတယ်။ လက်နက်ကြီးကျလို့လောင်တာ၊ မြို့ထဲကို PDF တပ်တွေ ဝင်ခဲ့နိုင်ပေမဲ့ ဟုမ္မလင်းဘက်ကို ရှမ်းနီတပ်တွေ ဆုတ်ထားတော့ ပွဲက မပြီးသေးတာ။ ဗန်းမောက်တောင်ဘက်မှာ ဆက်ဖြစ်နေတာ၊ မြို့အစပ်ပေါ့” လို့ ပြောပါတယ်။

ဗန်းမောက်မြို့ကို ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တွေက သိမ်းနိုင်ခဲ့တာဖြစ်ပြီး အခု အောက်တိုဘာလမှာ ပြန်ပြီး လူအင်အား လက်နက်အင်အား အလုံးအရင်းနဲ့ စစ်တပ်ဘက်က ထိုးစစ်ပြန်ဆင်လာနေတာ ဖြစ်ပါတယ်။

မောရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013