
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ မြို့သိမ်းတိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသခံတွေဟာ စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းအတွက် အမိုးအကာတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။
မြို့သိမ်းတိုက်ပွဲပြင်းထန်ချိန်မှာ ဗန်းမောက်စစ်ဘေးရှောင် ၅,၀၀၀ ကျော်ဟာ မြို့ရဲ့အရှေ့ဘက်၊ အနောက်ဘက်နဲ့မြောက်ဘက်ခြမ်းတွေကို ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။
လတ်တလောမှာလည်း ဗန်းမောက်မြို့ကို SNA (ရှမ်းနီအမျိုးသားတပ်မတော်)နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေက စစ်ကြောင်းထိုးလာတာကြောင့် မြို့အနောက်ခြမ်းက ကြောင်လည်ရွာမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရှောင်တွေ သွားရေးလာရေး အခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။
ကူညီပေးနေသူတယောက်က “စက်တင်ဘာလ ၂၇ ရက်နေ့ကစပြီး SNA ဘက်က ထိုးစစ်ပြန်ဆင်နေတာပေါ့။ ဗန်းမောက်နဲ့ ၁ မိုင်ပဲ ဝေးတယ်။ ဆိုတော့ ဒေသခံတွေက အိမ်တွေကို ပြန်ကြည့်ဖို့ လိုအပ်တာလေးယူဖို့တောင် စစ်ရေးအခြေအနေကြောင့် သွားလို့မရကြဘူး။ ရက်လည်းကြာလာတော့ အကုန်နီးပါး ရိက္ခာတွေ ပြတ်ကုန်ကြတာပေါ့” လို့ ပြောပါတယ်။
စစ်ဘေးရှောင်အများစုဟာ နီးစပ်ရာဆွေမျိုးအိမ်တွေနဲ့ တောတောင်တွေအတွင်းမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိ စစ်ရေးအခြေအနေကြောင့် ထပ်မံစစ်ရှောင်ရမှာကို စိုးရိမ်တဲ့အတွက် နေရပ်မပြန်နိုင်သေးဘူးလို့ ဆိုပါတယ်။
ဗန်းမောက်မြို့ပေါ်ကို တော်လှန်ရေးအင်အားစုတွေ စက်တင်ဘာ ၂၀ ရက်မှာ ထိန်းချုပ်လိုက်တာဖြစ်ပြီး SNA နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၇ ရက်နေ့မှာ တန်ပြန် စစ်ကြောင်းထိုးလာတာကြောင့် မြို့အနောက်ခြမ်းတဝိုက်မှာ တိုက်ပွဲပြင်းထန်နေပါတယ်။