
ယူကရိန်းစစ်ပွဲ ပတ်ဝန်းကျင်နိုင်ငံတွေဆီ ရောက်မှာကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ လစ်သူယေးနီးယားနိုင်ငံရဲ့ မြို့တော်ဗေ့နီးယပ်စ်မှာ လူရာပေါင်းများစွာဟာ အောက်တိုဘာ ၇ ရက်မှာ ဘေးလွတ်ရာ ရွှေ့ပြောင်းရေး လေ့ကျင့်ခဲ့ပါတယ်။
လေ့ကျင့်ခန်းအတွင်း လူဦးရေ ၁၀၀ လောက်ကို ၆၂ မိုင် အကွာ အားကစားကွင်းတခုဆီ စခန်းသွင်းထားတဲ့ ရထားနဲ့ ရွှေ့ပြောင်းပေးခဲ့ပါတယ်။
ရုရှားအစိုးရက မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးရဲ့ အရှေ့ဘက်ခြမ်းကို ဖြတ်ကျော်လာမှာကို စိုးရိမ်တုန်လှုပ်နေလို့ ဘောလ်တစ်ဒေသနဲ့ ပိုလန်က အစိုးရတွေက ယူကရိန်းနဲ့ ရုရှားပဋိပက္ခတွေက သူတို့ပိုင်နက်ထဲကို ကူးစက်ယိုဖိတ်လာရင် ထောင်သောင်းချီတဲ့ လူတွေကို ဘေးလွတ်ရာဆီရွှေ့ဖို့ အစီအစဉ်တွေ ရေးဆွဲနေပါတယ်။
ရုရှားရဲ့ ရင်းနှီးတဲ့ မဟာမိတ်ဖြစ်တဲ့ ဘယ်လာရုစ်နဲ့ နယ်စပ်ကနေ ၁၂ မိုင် အကွာမှာ နေထိုင်သူ ၇ သိန်းရှိတဲ့ ဗေ့နီးယပ်စ်မြို့ဟာ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းနေထိုင်ရမယ့် အကွာအဝေးအတွင်း ကျရောက်နေတာဖြစ်ပြီး သူတို့ထဲက တဝက်လောက်ကို ကူညီဖို့ အစိုးရက ရည်ရွယ်ထားပါတယ်။
ဗေ့နီးယပ်စ်နဲ့ တခြားနေရာတွေက စုစည်းမယ့် ဆုံမှတ်တွေကို ရွေးချယ်ထားပြီး၊ ရထားတွေနဲ့ ဘတ်စ်ကားတွေကို နေရာချထားပေးကာ အိမ်သာသုံးစက္ကူနဲ့ စခန်းသုံးအိပ်ရာတွေလို အထောက်အပံ့တွေကို ကုန်လှောင်ရုံတွေမှာ သိုလှောင်ထားပါတယ်။
ဝင်လာမယ့် တပ်မတွေအတွက် တခြားသူတွေကို ရှင်းထားဖို့ သတ်မှတ်ထားတဲ့ ဒုတိယဦးစားပေး လမ်းတွေဆီ ဘေးလွတ်ရာ ရွှေ့မယ့်လူတွေ လိုက်ပါလာမယ့် ယာဉ်တွေကို လမ်းညွှန်မှာလည်း ဖြစ်ပါတယ်။
လက်ထပ်စာချုပ်တွေ၊ မွေးစာရင်းမိတ္တူတွေ၊ ပစ္စည်းပိုင်ဆိုင်ကြောင်း သက်သေအထောက်အထားတွေ အပါအဝင် စာရွက်စာတမ်းတွေနဲ့ ရက်အတော်များများ သုံးနိုင်မယ့် ပစ္စည်းတွေပါတဲ့ အိတ်ကို အဆင်သင့် သိမ်းဆည်းထားဖို့ အစိုးရက အကြံပြုထားပါတယ်။
ရုရှားရဲ့ ယူကရိန်းကျူးကျော်မှု နောက်ဆက်တွဲ အစီအစဥ်တွေအရ ရုရှားနဲ့ ဘယ်လာရုစ် နယ်နိမိတ်ကနေ ၂၅ မိုင် အကွာတွင်နေထိုင်သူ ထက်ဝက် ဖြစ်တဲ့ လူ ၄ သိန်းဟာ သတ်မှတ်ဇုန်ကနေ ထွက်သွားဖို့ မှန်းဆထားပါတယ်။
ရုရှားအစိုးရက နေတိုးကို တိုက်ခိုက်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောထားပေမဲ့ ရုရှားရဲ့ အသေးစိတ် အစီအစဉ်တွေထဲမှာ အမှန်တကယ် လက်နက်ကိုင်ပဋိပက္ခ ဖြစ်နိုင်ခြေ၊ သယ်ယူပို့ဆောင်ရေး အချိတ်အဆက်တွေကို ဖြိုခွဲခြင်း၊ အရှေ့ဘက်ကနေ ရွှေ့ပြောင်း နေထိုင်သူတွေ အစုလိုက်အပြုံလိုက် ဝင်ရောက်လာခြင်းနဲ့ လူတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခိုင်းခြင်းတွေ ပါဝင်နေပါတယ်။
Source: Reuters