Home
နိုင်ငံတကာ
ရုရှားနှင့် ယူကရိန်း အပြန်အလှန် ဆက်တိုက်၊ တိုမာဟော့ခ်ဒုံးကျည်ကိစ္စ ရှင်းပြရန် ရုရှား တောင်းခံ
DVB
·
October 8, 2025
Photo: Reuters

ရုရှားနဲ့ ယူကရိန်းတို့ဟာ အောက်တိုဘာ ၆ ရက်မှာ အပြန်အလှန် တိုက်ခိုက်ခဲ့တာမှာ ယူကရိန်းရဲ့ စစ်လက်နက်ပစ္စည်း အများအပြားကို ဖျက်ဆီးပစ်ခဲ့ပြီး ခါကိဗ်မြို့က အခြေချစခန်းတခုကို ရုရှားတပ်ဖွဲ့ဝင်တွေက ထိန်းချုပ်နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ပါတယ်။

ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်တွေက အမေရိကန်လုပ် HIMARS ဒုံးကျည် ၆ စင်း၊ နက်ပကျွန်း တာဝေးပစ်ခရုဇ်ဒုံးကျည်တစင်းနဲ့ တောင်ပံပုံသေ ဒရုန်း ၃၅၆ စင်းတို့ကို ကြားဖြတ် ဟန့်တားခဲ့ပါတယ်။

ဒါ့အပြင် ရုရှားတပ်ဖွဲ့တွေက ယူကရိန်းနိုင်ငံတဝန်း နေရာ ၁၄၅ ခုမှာ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး ယူကရိန်းလောင်စာဆီ သိုလှောင်တဲ့ နေရာတွေနဲ့ ဒရုန်းတွေ လွှတ်တင်ဖို့ ပြင်ဆင်ထားတဲ့ နေရာတွေကိုပါ ပစ်မှတ်ထားခဲ့ပါတယ်။

အဲဒီနေ့မှာပဲ ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်က အရင်နေ့မှာ ရှေ့တန်းတလျှောက် တိုက်ပွဲပေါင်း ၂၃၁ ကြိမ် ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ယူကရိန်းလေတပ်ကလည်း ဒုံးကျည်တပ်တွေ၊ အမြောက်တပ်တွေနဲ့အတူ ရုရှားတပ်ဖွဲ့ဝင်တွေ လက်နက်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ စုစည်းထားတဲ့ နေရာ ၃ ခုကို တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် တနင်္ဂနွေ ည ၈ နာရီကစပြီး ရုရှားတပ်ဖွဲ့တွေဟာ တိုက်ခိုက်ရေးဒရုန်း ၁၁၆ စင်းကို သုံးပြီး ယူကရိန်းကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောပါတယ်။

အဲဒီထဲကမှ မောင်းသူမဲ့လေယာဉ် ၈၃ စင်းကို တနင်္လာနေ့ မနက် ၉ နာရီမှာ ယူကရိန်းလေကြောင်း ကာကွယ်ရေးက အောင်အောင်မြင်မြင် ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။

တနင်္လာနေ့မှာလည်း ဇာပိုရစ်ရှား နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ZNPP မှာ အရှည်ကြာဆုံး လျှပ်စစ်ဓာတ်အား ဆုံးရှုံးနေချိန်မှာ ပစ်ခတ်သံတွေ အကြိမ်ရေ အတော်များများ ကြားခဲ့ရလို့ နျူကလီးယား ဘေးကင်းရေးနဲ့ လုံခြုံရေးအတွက် အန္တရာယ်တွေ တိုးပွားလာနေတယ်လို့ ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်လေ့လာရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပစ်ခတ်မှုက မွန်းလွဲပိုင်းမှာ ဖြစ်ခဲ့ပြီး စက်ရုံနားနဲ့ အနေတော် အကွာအဝေးတို့မှာ စုစုပေါင်း ကျည် ၁၅ ချက်လောက် ကျရောက်ခဲ့ပါတယ်။

ZNPPနဲ့ ၁ ဒသမ ၂၅ ကီလိုမီတာအကွာမှာ အမြောက် ၂ ချက် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ZNPP က အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ကို အကြောင်းကြားခဲ့တဲ့အကြောင်း IAEA က ကြေညာချက် ထုတ်ပြန်ပါတယ်။

ပစ်ခတ်မှုတွေဟာ ZNPP က ရင်ဆိုင်နေရတဲ့ စဉ်ဆက်မပြတ် အန္တရာယ်တွေကို ထပ်ပြီး ထင်ရှားစေတယ်လို့လည်း IAEA ညွှန်ချုပ် ရာဖယ် ဂရောက်ဇီက ပြောခဲ့ပါတယ်။

ယူကရိန်းနိုင်ငံကို တိုမာဟော့ခ်ဒုံးကျည်တွေ ထောက်ပံ့ပေးမယ့် ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရဆီက ရှင်းလင်းချက်ကို စောင့်ဆိုင်းနေတယ်လို့ ရုရှားက အင်္ဂါနေ့မှာ ပြောပါတယ်။

ဒီလက်နက်တွေဟာ သီအိုရီအရ နျူကလီယားထိပ်ဖူးတွေ သယ်နိုင်တယ်လို့လည်း ပြောပါတယ်။ ရုရှာနဲ့ ယူကရိန်းကြားစစ်ပွဲကို အရှိန်မမြှင့်ချင်လို့ ထောက်ပံ့ပေးဖို့ သဘောမတူမီ တိုမာဟော့ခ် ဒုံးကျည်တွေကို ယူကရိန်းတို့က ဘာလုပ်ဖို့စီစဉ်ထားတယ်ဆိုတာ သိချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တခု ချလိုက်ပြီလို့လည်း ထရမ့်ပ်က ဆိုပါတယ်။

မှတ်ချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ရုရှားသမ္မတနန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က “ပိုရှင်းတဲ့ ထုတ်ပြန်ချက်တွေကိုစောင့်ဖို့ လိုတယ်ဆိုတာ ကျနော်တို့ နားလည်ပါတယ်” လို့ ပြောပါတယ်။

သမ္မတဟောင်း ဂျိုးဘိုင်ဒင် လက်ထက်မှာ အမေရိကန်ရဲ့ အကျင့်က ယူကရိန်းဆီ လက်နက်သစ်တွေ ပို့ပြီးမှသာ  ထောက်ပံ့ကြောင်း ကြေညာတာလို့လည်း ပဲ့စ်ကို့ဗ်က ပြောပါတယ်။

တာဝေးပစ်ဒုံးကျည်တွေနဲ့ ရုရှားနိုင်ငံအထဲ နက်နက်ရှိုင်းရှိုင်း ထိုးစစ်ဆင်ဖို့ အမေရိကန်က ယူကရိန်းကို တိုမာဟော့ခ်ဒုံးကျည်တွေ ပံ့ပိုးပေးမယ်ဆိုရင် ရုရှားအစိုးရနဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေးကို ပျက်ပြားသွားစေလိမ့်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

တိုမာဟော့ခ် ဒုံးကျည်တွေဟာ အကွာအဝေး ၂,၅၀၀ ကီလိုမီတာ (၁,၅၅၀ မိုင်) ကို ရောက်အောင် ပစ်ခတ်နိုင်လို့ တကယ်လို့ ထရမ့်ပ်က ထောက်ပံ့မယ့်ကိစ္စကို ဆက်လုပ်မယ်ဆိုရင် ရုရှားအစိုးရ အပါအဝင် ဥရောပက ဘယ်နေရာက ပစ်မှတ်တွေကိုမဆို ယူကရိန်းက တိုက်ခိုက်ဖို့ ထောက်ပံ့ပေးနိုင်မှာလည်း ဖြစ်ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013