Home
နိုင်ငံတကာ
နော်ဝေအိမ်ရှေ့မင်းသား၏ မွေးစားသားဖြစ်သူ မုဒိမ်းမှုစွဲချက်ကို တရားခွင်၌ ငြင်းဆို
DVB
·
February 6, 2026
Photo :Reuters

နော်ဝေနိုင်ငံ အိမ်ရှေ့စံမင်းသားရဲ့ မွေးစားသား မာရီးယပ်စ် ဘွိုက်ဂ်ဟွေဘီဟာ သူ့ဖုန်းထဲရှိ ဗီဒီယိုဖိုင်တွေက မုဒိမ်းမှုကျူးလွန်နေတာ မဟုတ်ကြောင်း ဖေဖော်ဝါရီ ၄ ရက်က တရားရုံးမှာ ငြင်းဆိုလိုက်ပါတယ်။

ဒါပေမဲ့ တဖက်နစ်နာသူကတော့ သူ့အသိစိတ်မရှိချိန်မှာ အဓမ္မပြုကျင့်ခံရတာ ဖြစ်ကြောင်း သက်သေထွက်ဆိုခဲ့ပါတယ်။

မုဒိမ်းမှုနဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေအတွက် အော်စလိုတရားရုံးမှာ ရုံးတင်စစ်ဆေးခံနေရတာ ၃ ရက်မြောက် ရှိသွားပြီဖြစ်ပြီး ပထမဆုံးထွက်ဆိုချက်ပေးရတဲ့နေ့မှာပဲ သူဟာ စိတ်ဓာတ်ကျနေပုံရပါတယ်။

ဒီအမှုတွေကြောင့် နော်ဝေရဲ့ တော်ဝင်မိသားစုဟာ အများကြီးတုန်လှုပ်ခဲ့ရပါတယ်။ ၂၀၀၁ ခုနှစ်မှာ မိခင်ဖြစ်သူ မက်တယ် မာရိ(ထ်) နဲ့ အိမ်ရှေ့မင်းသား ဟာကွန်းတို့ လက်ထပ်ခဲ့ချိန်က တော်ဝင်မိသားစုထဲ ရောက်လာခဲ့တဲ့ မာရီးယပ်စ် ဘွိုက်ဂ်ဟွေဘီက သူဟာ ငယ်စဉ်ကတည်းက လူထုမျက်စိအောက်မှာ ကြီးပြင်းလာခဲ့ရခြင်းကြောင့် အရက်နဲ့ လိင်စွဲလမ်းမှုကိစ္စတွေ ရှိခဲ့ရကြောင်း မျက်ရည်ကျပြီး ပြောသွားပါတယ်။

ဗုဒ္ဓဟူးနေ့က ထွက်ဆိုချက်အဖြစ်  ၂၀၁၈ ခုနှစ်က နန်းတော်အနီးရှိ နေအိမ်မြေအောက်ထပ် ပါတီပွဲအပြီးမှာ အမျိုးသမီးတယောက်နဲ့ လိင်ဆက်ဆံခဲ့တဲ့ ဖြစ်ရပ်က မှန်ပေမဲ့ သူ အသိစိတ်လွတ်နေချိန်မှာ ပြုကျင့်ခြင်းမျိုး ဒါမှမဟုတ် ဗီဒီယိုရိုက်ကူးခြင်းမျိုး မရှိခဲ့ကြောင်း ထွက်ဆိုသွားပါတယ်။

နစ်နာသူအမျိုးသမီးကတော့ သူဟာ ဗီဒီယိုဖိုင်ထဲမှာ အိပ်ပျော်နေတဲ့ပုံစံ ဖြစ်နေပြီး အဲဒီလုပ်ရပ်ကို သဘောတူညီခဲ့ခြင်း မရှိကြောင်း၊ ရဲတပ်ဖွဲ့က ဗီဒီယိုပြသမှသာ အဲဒီဖြစ်ရပ်ကို သိရှိခဲ့ရကြောင်း သက်သေထွက်ဆိုခဲ့ပါတယ်။

ဟွေဘီ ဟာ စုစုပေါင်း စွဲချက် ၃၈ ခုနဲ့ တရားစွဲခံထားရပြီး အဲဒီထဲမှာ အပြင်းထန်ဆုံးဖြစ်တဲ့ မုဒိမ်းမှုနဲ့ အိမ်တွင်း အကြမ်းဖက်မှု စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ 

ဒါပေမဲ့ နော်ဝေဥပဒေအရ ခွင့်ပြုထားတဲ့အတိုင်း ပြင်းထန်တဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ အဆင်အခြင်မဲ့ အပြုအမူတွေအတွက် သူ့မှာ တစိတ်တပိုင်း အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ ယာဉ်စည်းကမ်းချိုးဖောက်မှုလို အသေးစားပြစ်မှုတွေကိုလည်း ဝန်ခံခဲ့ပါတယ်။

တကယ်လို့ အပြင်းထန်ဆုံးစွဲချက်တွေအတွက် အပြစ်ရှိကြောင်းတွေ့ရှိရင်တော့  ဟွေဘီဟာ ထောင်ဒဏ် ၁၀ နှစ်ကျော်အထိ ကျခံရနိုင်တာပါ။

သူ့ရှေ့နေ ပေထာ ဆေကူလစ်ကတော့ ဟွေဘီရဲ့ သက်သေထွက်ဆိုချက်မှာ ပြည့်စုံသေချာပြီး ခုခံချေပမှုဘက် အနေနဲ့ ကျေနပ်မှုရှိကြောင်း သတင်းထောက်တွေကို ပြောပါတယ်။ 

ဒီအမှုဟာ အိမ်ရှေ့မင်းသမီး မက်တာ-မာရိ(ထ်)အပေါ် အမေရိကန် လိင်မှုရာဇဝတ်ကောင် ဂျက်ဖရီအက်ပ်စတိန်းနဲ့ ဆက်နွှယ်မှုတွေကို ထုတ်ဖော်လာမှုတွေအပေါ် အသစ်ပြန်လည် စစ်ဆေးနေချိန်တွေနဲ့ တိုက်ဆိုင်နေတာကြောင့်  ဒီရုံးတင်စစ်ဆေးမှုဟာ နော်ဝေနိုင်ငံကို တုန်လှုပ်စေခဲ့ပြီး နော်ဝေတော်ဝင်မိသားစုအပေါ် ဖိအားတွေ ပိုတိုးလာခဲ့ပါတယ်။

ဟွေဘီရဲ့ တရားရုံးစစ်ဆေးမှုကို မတ်လ ၁၉ ရက်အထိ ဆက်လက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013